ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၅၀၀ ကျပ်တန်၏ ပုံသဏ္ဌာန်နှင့် အမှတ်အသားများ ထုတ်ပြန်
DVB
·
July 16, 2020
လာမယ့် အာဇာနည်နေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ထုတ်ဝေမယ့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၅၀၀ ကျပ်တန် ငွေစက္ကူပုံစံသစ်ရဲ့ ပုံသဏ္ဌာန်နဲ့ အမှတ်အသားတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇူလိုင်လ ၁၆ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ် တန်ငွေစက္ကူပုံစံသစ်ရဲ့ မျက်နှာစာဘက်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံနဲ့ ကျောဘက်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အဦပုံ ရိုက်နှိပ်ထားပါတယ်။
ငါးရာကျပ်တန် ငွေစက္ကူပုံစံသစ်အရွယ်အစားမှာ အလျား ၁၅၀ မီလီမီတာနဲ့ အနံ ၇၀ မီလီမီတာရှိပြီး ပေါ်လွင်သော အရောင်မှာ နီညိုရောင်ဖြစ်ပါတယ်။
ငွေစက္ကူဆေးသားရိုက်နှိပ်ရာမှာ ဖောင်းကြွပုံနှိပ်နည်းစနစ်နဲ့ ရိုက်နှိပ်ထားတဲ့အတွက် ငွေစက္ကူတန်ဖိုးဂဏန်းနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာသားနေရာတွေ ပီပြင်ထင်ရှားတဲ့အပြင် လက်နဲ့ စမ်းသပ်ကြည့်ပါက ကြမ်းတမ်းမှုရှိတာတွေ့ရမယ်လို့ ဆိုပါတယ်။
ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းနဲ့ အလျားလိုက်၊ အင်္ဂလိပ်အက္ခရာ အင်္ဂလိပ်ဂဏန်းနဲ့ ဒေါင်လိုက်ရိုက်နှိပ်ထားပါတယ်။ ငွေစက္ကူရဲ့ မျက်နှာစာဘက်ရှိ ဘယ်/ညာအစွန်းမတွေမှာ အမြင်အာရုံအားနည်းသူတွေအတွက် လက်နဲ့ ထိတွေ့စမ်းသပ်ကြည့်ပါက အာရုံခံသိရှိနိုင်တဲ့ ဖောင်းကြွလိုင်းတို မျဉ်းကြောင်းငယ်(၉)ကြောင်းစီ ရိုက်နှိပ်ထားပါတယ်။
ငွေစက္ကူပုံစံသစ်ကို အလင်းရောင်မှာ ထောင်ကြည့်ပါက ငွေစက္ကူမျက်နှာစာဘက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံရဲ့ လက်ဝဲဘက်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့ ငွေစက္ကူရဲ့ တန်ဖိုး ဂဏန်း ၅၀၀ ရေစာကို ရှင်းလင်းစွာတွေ့မြင်နိုင်တယ်လို့ သိရပါတယ်။
ငွေရောင်လုံခြုံရေးကြိုးကို တစ်ဝက်ဖုံးတစ်ဝက်ပေါ် ဒေါင်လိုက်မြှပ်နှံထားပြီး ငွေစက္ကူမျက်နှာစာရဲ့ လက်ယာဘက်ရှိ မြန်မာစာသား “ငါးရာကျပ်” နံဘေး နီညိုရောင်ဧရိယာကို ၄၅ ဒီဂရီခန့် တိမ်းစောင်းကြည့်ပါက အင်္ဂလိပ်အက္ခရာ “CBM” တွေကို တွေ့မြင်နိုင်တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန်ငွေစက္ကူပုံစံသစ်ကို ရုံးဖွင့်ရက်ဖြစ်တဲ့ ဇူလိုင် ၂၁ ရက်က စပြီး ဘဏ်တွေကနေ ဖြန့်ဝေပေးသွားမှာဖြစ်ပြီး လက်ရှိသုံးစွဲနေတဲ့ ငါးရာကျပ်တန်ငွေစက္ကူတွေလည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိနေမယ်လို့ ဗဟိုဘဏ် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။