စစ်တပ်ကဖမ်းဆီးသွားသည့် စိုင်ခြုံကျေးရွာသား ၁ ဦးကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်
DVB
·
July 16, 2020
ဓညဝတီရေတပ်စခန်းက ဖမ်းဆီးခေါ်ဆောင်သွားသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာသား ၁ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ ကျောက်ဖြူမြို့မရဲစခန်းက သိရပါတယ်။
စိုင်ခြုံကျေးရွာမှာ ဇူလိုင် ၁၁ ရက် မနက်က ဓညဝတီရေတပ်စခန်း တပ်မတော်စစ်ကြောင်းတစ်ခုက ကျေးရွာအတွင်းဝင်ရောက်စစ်ဆေးခဲ့ပြီး မင်္သကာသူလူငယ် ၂ ဦးကိုဖမ်းဆီးကာ ကျေးရွာအုပ်ချုပ်ရေးမှူးကိုပါ ခေါ်ဆောင်သွားခဲ့ပြီးနောက် ဇူလိုင် ၁၄ ရက်နေ့မှာတော့ ကျောက်ဖြူမြို့မရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ ကျောက်ဖြူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောပါတယ်။
အဆိုပါလွှဲပြောင်းသူတွေထဲမှ ကိုထွန်းမြင့်စိုးဆိုသူကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ်ခဲ့ပြီး ကျန်လူငယ် ၁ ဦးကိုတော့ လွှတ်ပေးလိုက်ပြီးဖြစ်သလို ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတာ မဟုတ်ဘူးလို့ ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဇောက ပြောပါတယ်။
“၁၀ နာရီခွဲလောက်မှာ လာအပ်တာ၊ ခေါ်သွားတာကတော့ နှစ်ယောက်ပေါ့။ အဲဒီထဲက တစ်ယောက်ကို အမှုဖွင့်တယ်။ ထွန်းမြင့်စိုးဆိုတဲ့သူကို ပုဒ်မ-၅၀(ည)၊ ၅၂(က)နဲ့ အမှုဖွင့်ထား တယ်။ ဝင်းမင်းစိုးကိုတော့ သူရဲ့မိဘတွေကိုခေါ်ပြီးတော့ ဥက္ကဋ္ဌရှေ့မှာပဲ အပ်ပေးလိုက်တယ်။ ဥက္ကဋ္ဌ ကို ဖမ်းတာမဟုတ်ပါဘူး၊ ကိစ္စရှိလို့ခေါ်သွားတာပါ။”
ကျောက်ဖြူမြို့နယ်မှာ တပ်မတော်နဲ့ အေအေတို့ ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားတာမရှိပေမဲ့ ကျောက်ဖြူ-ရန်ကုန်ကားလမ်းပေါ်မှာ တပ်မတော်ယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် တပ်မတော်က ကျေးရွာတွေကို ဝင်ရောက်စစ်ဆေးတာ တွေ၊ သံသယနဲ့ဖမ်းဆီးတာတွေ ရှိနေပါတယ်။
သံသယနဲ့ဖမ်းဆီးခံရသူတွေထဲက တချို့ပြန်လွတ်လာပြီး တချို့ကတော့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုတာတွေရှိသလို တချို့ကတော့ အဆက်အသွယ် မရတော့လို့ စိုးရိမ်ပူပန်နေတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
သတင်း - နောင်နောင်