Homeမြန်မာသတင်း
အင်တာနက်ဖြတ်တောက်မှု ၁ နှစ်ပြည့်ကမ်ပိန်းပြုလုပ်သူ ရခိုင်လူငယ် ၂ ဦးကို ခံဝန်ဖြင့် ပြန်လွှတ်
အင်တာနက်ဖြတ်တောက်မှု ၁ နှစ်ပြည့်ကမ်ပိန်းပြုလုပ်သူ ရခိုင်လူငယ် ၂ ဦးကို ခံဝန်ဖြင့် ပြန်လွှတ်
DVB
·
July 14, 2020
ရခိုင်ပြည်နယ်မှာ အင်တာနက်ဖြတ်တောက်ထားမှု ၁ နှစ်ပြည့် ကိမ်ပိန်းပြုလုပ်ခဲ့တဲ့ ရခိုင် လူငယ် ကိုနေစိုးခိုင်နဲ့ ကိုမင်းဇအောင်တို့ကို ဇူလိုင် ၁၃ ရက်နေ့မှာ ကျောက်ဖြူမြို့နယ်တရားရုံးက ကျပ်သိန်း၅၀ ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
တရားစွဲဆိုခံရတဲ့ ကျောက်ဖြူမြို့နယ် သန္တာရင်သွီးမျိုးဆက်သစ်လူငယ်များအဖွဲ့ ဥက္ကဋ္ဌ ကိုနေစိုးခိုင်က “ကျနော်တို့ကို ဒီနေ့ရုံးတင်ပြီးတော့ ဒီနေ့စပြီး တရားစွဲတယ်ပေါ့နော်၊ အရင်တုန်းကတော့ ၆ ရက်နေ့က ရုံးချိန်းတစ်ခေါက်ပြောတယ်။ အဲဒီနေ့ကတော့ ကျနော်တို့လည်း ခရီးလွန်နေတော့မရောက်ဖြစ်လိုက်ဘူး။ အဲဒီတော့သူတို့ကနေပြီး ကျနော်တို့ကို တရားခံပြေးတွေနဲ့ ထပ်ပြီးတော့ထပ်စွဲပြီးတော့ ဒီနေ့ရုံးတင်တာပေါ့။ ကျနော်တို့ကို အာမခံနဲ့ပေါ့ တစ်ယောက်ကို သိန်း ၅၀ စီနဲ့ အာမခံလုပ်ပြီးတော့ အာမခံနဲ့ပြန်လွှတ်ထားတာဖြစ်တယ်”
ဒီအမှုနဲ့ပတ်သက်ပြီး လာမယ့်သီတင်းပတ် ဇူလိုင် ၂၁ ရက်နေ့ကို ထပ်မံ ချိန်းဆိုထားတယ်လို့ သိရပါတယ်။
အခုလိုငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုခံရတဲ့ ကျောက်ဖြူမြို့နယ်မှ လူငယ် နှစ်ဦးကို ရခိုင်လူငယ်မျိုးဆက်သစ် ကွန်ရက်အဖွဲ့ဝင်တွေဖြစ်တဲ့ ရခိုင်ပြည်နယ်ရှိမြို့နယ်များမှ လူငယ်တွေက ကျောက်ဖြူမြို့နယ်တရားရုံးကို လာရောက်ကာ ဝန်းရံအားပေးခဲ့ကြပါတယ်။
စစ်တွေမြို့ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် တာဝန်ခံ(၁) မဦးခင်သိန်းက “ကျမတို့ Network အနေနဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်နဲ့ ဒီကိုလာရောက်ခြင်း ဖြစ်တယ်။ နောက်တစ်ချက်ကနေပြီးတော့ Network ရဲ့ တာဝန်ခံတစ်ယောက်အနေနဲ့ လာရောက်သလို လူငယ်တစ်ယောက်အနေနဲ့လည်း ပါဝင်အားဖြည့်ရခြင်းဖြစ်တယ်။ နောက်တစ်ပိုင်းမှာကျတော့ ဒီအတွက် တရားမျှတမှုကို လိုလားတယ်။ အဲဒီလိုပုံစံမျိုးနဲ့ ဒီကိုလာရောက်ပြီးတော့ ဝန်းရံခြင်းဖြစ်တယ်။”လို့ ပြောပါတယ်။
ဇွန်လ ၂၁ ရက်နေ့က ရခိုင်ပြည်နယ် ၇ မြို့နယ်နဲ့ ချင်းပြည်နယ်ပလက်မြို့နယ်မှာ အင်တာနက်ဖြတ်တောက်ခံထားရတာ တစ်နှစ်ပြည့်ပြီဖြစ်တာကြောင့် ပြန်လည်ဖွင့်ပေးဖို့ကို ရခိုင်ပြည်နယ်အတွင်းက မြို့တွေနဲ့ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာလည်း အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ ကမ်ပိန်း ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါကမ်းပိန်းပြုလုပ်ခဲ့တာကြောင့် ဇွန်လ ၁ ရက်နေ့ညနေက ရမ်းဗြဲမြို့နယ်က လူငယ် တစ်ဦး ငြိမ်းစုစီ ပုဒ်မ-(၁၉)နဲ့ အမှုဖွင့်ခံရသလို ရန်ကုန်မြို့မှာလည်း ကမ်ပိန်းဦးဆောင်သူတွေ ငြိမ်းစုစီဥပဒေနဲ့တရားစွဲ ဆိုခံခဲ့ရပါတယ်။
သတင်း- နောင်နောင်