ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်ပြန် ကိုဗစ်-၁၉ လူနာသစ် ၅ ဦးထပ်တွေ့
DVB
·
July 13, 2020
ထိုင်းနိုင်ငံက ပြန်လာသူ ၄ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူ ၁ ဦး စုစုပေါင်း ၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါစစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ထုတ်ပြန်ပါတယ်။
လူနာသစ်တွေကတော့ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်က အမျိုးသမီး ၁ ဦး၊ ရန်ကင်းမြို့နယ်က အမျိုးသမီး ၁ ဦး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်က အမျိုးသား ၁ ဦး၊ သင်္ကန်းကျွန်းမြို့နယ်က အမျိုးသား ၁ ဦးနဲ့ ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့နယ်က အမျိုးသား ၁ ဦးတို့ဖြစ်ကြပြီး အားလုံးဟာ ကမာရွတ်မြို့နယ်မှာ အသွားအလာ ကန့်သတ်ခံထားရသူတွေ ဖြစ်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၁၈၈)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၂၄) ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၇၅) ခု၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၃၀၃) ခု၊စုစုပေါင်း (၇၉၀)ခု ကို ဒီကနေ့ ညနေ စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၅ ဦးတွေ့ရှိရတာပါ။
ဇူလိုင် ၁၃ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၃၆ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ ၂၆၁ ဦးနဲ့ ဒီအထဲက၂၄၉ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။