ရသေ့တောင်မြို့နယ်၌ တိုက်ပွဲဖြစ်၊ အမျိုးသမီး ၁ ဦးအပါအဝင် ရွာသား ၃ ဦး ဒဏ်ရာရ
ဝဏ္ဏခွာညို
·
July 13, 2020
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာအနီးမှာ ဒီနေ့မနက် ၉ နာရီလောက်က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲဖြစ်ပွားပြီး ရွာထဲကို လက်နက်ကြီးကျရောက်ခဲ့တာကြောင့် ရွာသား ၃ ဦး ဒဏ်ရာရ သွားတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဒီဗွီဘီကို ပြောပါတယ်။
လက်နက်ကြီးကျလို့ ဒဏ်ရာရရှိသူတွေကတော့ ချိန်ခါလီကျေးရွာက ဒေါ်ဦးမြကြည် အသက် (၃၃) နှစ်၊ သားဖြစ်သူ မောင်နေမင်းဆန်း အသက် (၁၁) နှစ်နဲ့ ဦးမောင်ထွန်းဝင်း အသက်(၄၇) နှစ်တို့ဖြစ်ပါတယ်။
ဒဏ်ရာရရှိခဲ့သူ ချိန်ခါလီကျေးရွာသား ဦးမောင်ထွန်းဝင်းရဲ့ညီဖြစ်သူ ကိုဝင်းနိုင်က “ဒေါ်ဦးမြကြည်မှာ ဘယ်ဘက်လက်မောင်းမှာ ဒဏ်ရာရရှိသွားတယ်။ သားဖြစ်သူမှာက ဘယ်ဘက်ရင်ဘတ်မှာ ဒဏ်ရာရတယ်။ ဦးမောင်ထွန်းဝင်းမှာကတော့ ဘယ်ဘက်ပေါင်တို့မှာ လက်နက်ကြီးကျည်စထိခဲ့တာပါ။ ဒဏ်ရာတွေကတော့ စိုးရိမ်စရာမရှိပါ” လို့ ပြောပါတယ်။
အဆိုပါ ကျေးရွာမှာ လူဦးရေ ၆၅၀ ကျော်ရှိပြီး အိမ်ခြေ ၁၄၂ လုံးရှိကာ ကျေးရွာသားတွေကတော့ တိုက်ပွဲကြောင့် ဆင်ပိုက်၊ အောင်ဗလ ၊ အငူမော် စတဲ့ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှုး ဦးထွန်းတင်စိုး ဒီဗွီဘီကို ပြောပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ရွာသားတွေကတော့ ရွာထဲကို ပစ်တယ်လို့ပြောတယ်။ ရွာထဲမှာတော့ လက်နက်ကြီးကျတယ်။ ရွာသားတွေ ကတော့ထွက် ပြေးသွားတယ်။ မပြေးနိုင်တဲ့ လူ လေး၊ ငါး ယောက်တော့ ပိတ်ပိနေတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေတို့အကြားဖြစ်ပွားတဲ့ ပြည်တွင်းစစ်ကြောင့် စစ်ဘေးဒုက္ခသည် ဦးရေ ၂ သိန်းနီးပါးရှိနေပြီလို့ သိရပါတယ်။