ဆိုင်ကယ်တိုက်မှု ကူညီပေးသူအား လက်သီးဖြင့်ထိုးသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးအရေးယူ
DVB
·
July 11, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ကမ်းနားလမ်းမှာ ဇူလိုင် ၁၀ ရက်ညက ယာဉ်တိုက်မှုတခုကို ဝင်ရောက်ကူညီပေးနေတဲ့ ပုသိမ်မြို့ခံတစ်ဦးကို လက်သီးနဲ့ထိုးခဲ့တဲ့ ရဲတပ်ကြပ်ကြီးတဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ ရေကြောင်းရဲတပ်ဖွဲ့(ပုသိမ်) က တာဝန်ရှိသူက DVB ကို ပြောပါတယ်။
ရေကြောင်းရဲတပ်ဖွဲ့(ပုသိမ်)မှ တာဝန်ရှိသူတဦးက “ထွက်ပြေးသွားတဲ့သူကို လိုက်လည်း ဖမ်းပေးပြီး ပြန်လာတော့ လူအုံနေတာမြင်ပြီး ပြောမိသွားတာပါ။ အပြောအဆိုက မတတ်တော့ အဲဒီလိုတွေဖြစ်သွားတာ။ ဒီမနက်ပဲ ပုသိမ်နယ်မြေရဲစခန်းမှာ အချုပ်ထဲ ထည့်ထားလိုက်ပါပြီ။ စုံခုံဖွဲ့စစ်ပြီး အရေးယူသွားမှာပါ” လို့ ပြောပါတယ်။
ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်၊ ကမ်းနားလမ်းမှာ ဇူလိုင် ၁၀ ရက်နေ့ ည ၁၁ နာရီခန့်က ယာဉ်တိုက်မှုတခု ဖြစ်ပွားခဲ့ရာမှာ လူတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တဲ့အတွက် ပုသိမ်မြို့ခံတွေက ဝိုင်းဝန်းကူညီပေးနေခဲ့တာပါ။
ဒီလိုကူညီပေးနေစဉ် ရေကြောင်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီးမျိုးအောင် ရောက်ရှိလာပြီး ဆဲဆိုရမ်းကားမှုတွေ လုပ်ခဲ့တဲ့အတွက် မဆဲဖို့ ပြောဆိုရာက အပြန်အလှန် အချင်းများပြီး လက်သီးနဲ့ထိုးခံခဲ့ရတာလို့ ကိုဝင်းထွန်းနိုင်က ပြောပါတယ်။
“ကျနော်ကတော့ အမှုဖွင့်မှာ။ ကျနော်တို့က ပရဟိတစိတ်နဲ့ ကူညီတာလေ။ ခုလိုလုပ်တော့ ဘယ်ကောင်းမလဲ။ ဒီလိုလုပ်တော့ ပြည်သူက ဘယ်အမြင်ကြည်တော့မလဲ”
ဖြစ်စဉ်ဖြစ်ပွားရာမှာ ပါဝင်သူ ရေကင်းရဲတပ်ကြပ်ကြီး မျိုးအောင်၊ ရဲတပ်ကြပ်တစ်ဦးနဲ့ ဒုတပ်ကြပ်တစ်ဦးကို ပုသိမ်နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားရှိပြီး ရဲစည်းကမ်းနဲ့ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်နေတယ်လို့ ပုသိမ်မြို့ ရေကင်းရဲတပ်ဖွဲ့က သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)