မောင်တောမြို့က လူနာသစ် ၂ ဦး ဘင်္ဂလားဒေ့ရှ်ဘက် ကုန်သွားပို့ရာမှ ကူးစက်ခံရခြင်းဖြစ်
DVB
·
July 11, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့ လူနာသစ် ၂ ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကုန်သွားပို့ရာကနေ ရောဂါ ကူးစက်ခံခဲ့ရတာလို့ သိရပါတယ်။
မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက “မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းက ဘင်္ဂလားဒေ့ရှ်ကနေ ကုန်ပို့ပြန်လာတဲ့ သူ ၁၇ ဦး ရဲ့ နှာခေါင်းနဲ့အာခေါင်တို့ပတ်တွေကို ဇူလိုင် ၇ ရက်နေ့က မောင်တောဘုတ်ဆိပ် သူတို့ Quarantine နေတဲ့နေရာကနေ သွားရောက်ယူဆောင်ပြီး ရန်ကုန် NHL ကိုပို့လိုက်တယ်။ ဇူလိုင် ၁၀ ရက်နေ့ ညပိုင်းမှာ ၁၇ ဦးထဲက ၂ ဦးပိုးတွေ့ကြောင်း ဝန်ကြီးဌာနကအကြောင်းကြားလာတယ်” လို့ DVB ကို ပြောပါတယ်။
တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်တင်ပို့ပြီးပြန်လာတဲ့ မော်တော်ဘုတ်သမားတွေကို အသွားအလာကန့်သတ်တဲ့ Facility Quarantine အဆောင်တစ်ခုပြုလုပ်ကာ ပြင်ပလူနာတွေနဲ့ တွေ့ရှိမှုမရှိအောင် ဆောင်ရွက်ထားတာကြောင့် ပြင်ပကို ရောဂါကူးစက်မှု မရှိနိုင်ဘူးလို့ မောင်တောနယ်စပ်ကုန်သည်ကြီးများအသင်းဒုဥက္ကဋ္ဌ ဦးစံသိန်းက ပြောကြားပါတယ်။
“ကျနော်တို့က နယ်စပ်ကုန်သွယ်မှုပြုရာမှာ ပထမ မော်တော်ဘုတ်သမားတွေ Quarantine နေတဲ့အတွက် ဧပြီ ၁၁ ရက်နေ့က စပြီး ကုန်သွယ်မှုပထမအကြိမ် ယာယီရပ်တန့်ထားခဲ့ရတယ်။ ဒါကြောင့် ကုန်သွယ်မှုပမာဏထက် ၁၆ ဆကျော်ကျဆင်းခဲ့တယ်။ မေလ ၃၀ ရက်နေ့မှာ ပြန်လည် ကုန်သွယ်မှုပြုကြတဲ့ ဘင်္ဂလားဘက်ကို ကုန်သွားပို့ပြန်လာတဲ့ မော်တော်ဘုတ်သမားတွေကို သီးသန့်ထားထားတယ်။ အပြင်ကိုလုံးဝမထွက်ရဘူး။ အပြင်က သော့ခတ်ထားတယ်။”
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ကုန်သွယ်မှုပြုပြီး စစ်တွေမြို့ကို ပြန်လာသူ ၁ ဦးမှာ ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိပြီးနောက် ပြည်နယ်အစိုးရအဖွဲ့ရဲ့ အမိန့်ညွှန်ကြားချက်အရ ဇူလိုင် လ ၃ ရက်နေ့ကစပြီး မောင်တော နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေကို အကန့်သတ်မရှိ ယာယီရပ်နားထားပါတယ်။
မောင်တောမြို့ ဆေးရုံမှာ လက်ရှိ ကိုဗစ်-၁၉ လူနာ ၇ ဦးထဲက ၃ ဦးမှာ နှစ်ကြိမ် ဆက်ပိုး မတွေ့ရှိတဲ့အတွက် ဆေးရုံက ဆင်ခွင့်ပြုလိုက်ပြီး လှဖိုးခေါင်ယာယိမ်ပြန်လာ်လက်ခံရေးစခန်းမှာ Quarantine ထားရှိ စောင့်ကြည့်နေကာ ကျန်လူနာ ၄ ဦးကတော့ ဆေးရုံကြီး အထူးကြပ်မှတ်ကုသဆောင်မှာ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။
လူနာအမှတ် ၃၂၅ နဲ့ ၃၂၆ ကိုတော့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းအနီး Quarantine ထားရှိရာအဆောင်ကနေ ည ၉ နာရီခွဲလောက်က မောင်တောမြို့ ပြည်သူဆေးရုံကို ပို့ဆောင်ကုသပေးနေပါတယ်။
အိန္ဒိယက ပြန်လာသူ ၃ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်က ပြန်လာသူ ၂ တို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၀ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။
လင်းလက်