အမာမြို့က တောင်သူ ၂ ဦးကို မြေယာလျော်ကြေး သိန်း ၁၅၀ ကျော် ပေးအပ်
DVB
·
July 10, 2020
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့က ဖျာပုံမြို့နယ်၊ အမာမြို့ပေါ်ရှိ ရုံးအဆောက်အဦအတွက် သိမ်းယူထားတဲ့ မြေနေရာတွေအတွက် တောင်သူ ၂ ဦးကို မြေယာလျော်ကြေး ကျပ်သိန်း ၁၅၀ ကျော် ပေးအပ်ခဲ့ပါတယ်။
ဖျာပုံမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိမ်းစိုးက “စတင် သိမ်းဆည်းတုန်းက လယ်မြေအမျိုးအစားတွေ ဖြစ်ပါတယ်။ အမာရွာကို အမာမြို့အဖြစ် ဖွဲ့စည်းပြီးတဲ့အခါမှာ မြို့မြေတွေ ဖြစ်သွားပါတယ်။ မြို့မြေတွေ ဖြစ်သွားတဲ့အတွက် မြို့မြေ စျေးနှုန်းနဲ့ညီတဲ့ စျေးနှုန်း ၃ မျိုးသက်မှတ်ပြီး ဒေသခံများနှင့်တွေဆုံကာ ညှိနှိုင်းပြီး သက်မှတ်တဲ့စျေးနှုန်းနဲ့ လက်ခံပြီဆိုမှ သက်ဆိုင်ရာ ဌာနများက မြေယာလျော်ကြေးပေးခဲ့တာပါ” လို့ ဆိုပါတယ်။
လျော်ကြေးရရှိခဲ့တဲ့ အမာမြို့နေသူ တောင်သူ ဦးစိုးနိုင်က “၂၀၀၄ ခုနှစ်ကစပြီး အမာရွာကို သိမ်းသွားပါတယ်။ ကျနော်တို့ လယ်၊ခြံမြေဆိုရင် ဌာန ၇ ခု လောက်ပါတယ်။ ဒီနေ့ လျော်ကြေး ပြန်ရဖို့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြေယာလျော်ကြေး ကျပ်သိန်း ၇၆ သိန်း ကျော်နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြေက ၂ ဦးပိုင်ဆိုတော့ ကျနော်ဘက်က ကျပ်သိန်း ၃၅ သိန်းကျော်လောက်ရပါတယ်” လို့ ပြောပါတယ်။
သိမ်းဆည်းခံ တောင်သူ ၂ ဦးကို ဧရာဝတီတိုင်း ပြန်ကြားရေးဌာနက ကျပ်သိန်းပေါင်း ၇၆ သိန်းကျော်နဲ့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကျပ်သိန်း ၈၀ ကျေ လျော်ကြေး ပေးအပ်ခဲ့တာပါ။
အမာမြို့မှာ သိမ်းဆည်းခံတောင်သူ ၂၁ ဦးရှိပြီး အခုဌာနနှစ်ခုက တောင်သူ ၂ ဦးကို လျော်ကြေးပေးခဲ့ပြီး ကျန်တဲ့ ဌာန ၉ ခုကလည်း လျော်ကြေးပေးသွားမယ်လို့ တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်က ပြောပါတယ်။
ကျော်စိုးမိုး