စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို တရားရုံးက စတင်စစ်ဆေး
ဇေယျာချမ်းအေး
·
July 9, 2020
ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လား နဲ့ နဝရတ်တေးသံသွင်းက ဦးဝေထွန်းတို့အမှုကို မရမ်းကုန်းမြို့နယ်တရားရုံးက ဇူလိုင် ၉ ရက်နေ့က ၁၁ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
“သူတို့ဘာတွေ ထွက်ဆိုခဲ့တယ်ဆိုတာကတော့ တရားရုံးစည်းကမ်းအရ ပြောခွင့်မရှိပါဘူး” လို့ မရမ်းကုန်းမြို့နယ်တရားသူကြီးဦးမိုးဆွေကပြောပါတယ်။
ဇူလိုင် ၂ ရက်နေ့ ၉ ကြိမ်မြာက်ရုံးချိန်းမှာ ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားတို့ကို တရားရုံးက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့စွဲချက်တင်ထားတာပါ။
ဇွန် ၃၀ ရက်နေ့ရုံးချိန်းမှာ တရားလို နဲ့ တရားပြိုင်နှစ်ဖက်က စွဲချက်တင်သင့်မတင်သင့်ကို အပြိုင်လျှောက်လဲချက်တင်ခဲ့ပါတယ်။ တရားလိုဘက်က လျှောက်လဲချက်ဟာ ခိုင်လုံတယ်လို့တ ရားသူကြီးက ယူဆတဲ့အတွက် စွဲချက်တင်ခဲ့တာပါ။
သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ပါ ပြဋ္ဌာန်းချက်တွေအရ ပြစ်မှုထင်ရှားရင် စောဒေးဗစ်လားနဲ့ဦးဝေထွန်းတို့ဟာ သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ်ချမှတ်ခံရမှာပါ။
စောဒေးဗစ်လားနဲ့ဦးဝေထွန်းတို့ဟာ အစိုးရက ချမှတ်ထားတဲ့ ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက် စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာဘဲ လူစုလူဝေးပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံထားရတာပါ။
ဇူလိုင် ၁၄ ရက်နေ့မှာ ရုံးချိန်းပြန်ခေါ်ထားပြီး တရားခံပြသက်သေ ၆ ဦးထဲက ၃ ဦးကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။