မွန်က ကိုဗစ်လူနာ ၅ ဦး ရောဂါပိုးမတွေ့သဖြင့် ရက်ပိုင်းအတွင်း ဆေးရုံဆင်းခွင့်ပြုမည်
DVB
·
July 8, 2020
မွန်ပြည်နယ်က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၅ ဦးစလုံး တတိယအကြိမ် ရောဂါပိုး စစ်ဆေးရာမှာ ရောဂါပိုးမတွေ့တော့လို့ ရက်ပိုင်းအတွင်း ဆေးရုံ ဆင်းခွင့်ပေးအပ်တော့မယ်လို့ ဖြစ်ပါတယ်။
မွန်ပြည်နယ်က ကိုဗစ်-၁၉ လူနာ ၅ ဦးစလုံးကို ရောဂါပိုးတွေ့ရှိပြီးနောက် ရောဂါးပိုး ရှိ မရှိ ပြန်လည် စစ်ဆေးရာမှာ နှစ်ကြိမ်တိုင် ရောဂါပိုးမတွေ့တော့တာလို့ မွန်ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောပါတယ်။
မွန်ပြည်နယ်က COVID-19 လူနာ ၅ ဦးမှာ ၄ ဦးက ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ အသွားအလာကန့်သတ်ပြီး စောင့်ကြည့်ထားစဉ် ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်ပြီး ကျန် ၁ ဦးကတော့ မော်လမြိုင် တက္ကသိုလ်မှာ အသွားအလာကန့်သတ်ထားစဉ် ရောဂါပိုး တွေ့ရှိခဲ့တာပါ။
သူတို့ အားလုံးကို လာမယ့် ဇူလိုင် ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ဆေးရုံကနေ ဆင်းခွင့်ပြုသွားမယ်လို့ မော်လမြိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ပြောပါတယ်။
ကိုဗစ်-၁၉ လူနာအမှတ် ၂၇၃ ၊ ၂၇၄ ၊ ၂၇၅ ၊ ၂၇၆ ၊ ၂၈၇ တို့ဟာ သံဖြူဇရပ်၊ ချောင်းဆုံ၊ ပေါင်၊ ရေးမြို့နယ်နဲ့ သထုံမြို့နယ်မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။
ဒီလူနာ ၅ ဦးမှာ လူနာ ၃ ဦးက ထိုင်းနိုင်ငံက ပြန်လာတာ ကျန် ၂ ဦးကတော့ မလေးရှာနိုင်ငံက ပြန်လာသူတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၁၆၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၄၅ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရပြီး အသွားအလာကန့်သတ်ထားသူ ၂၃၁ ဦး၊ စောင့်ကြည့်လူနာအသစ် ၂၄ ဦး ရှိပါတယ်။
သတင်း - ဇော်လွင်ထွဋ်