ကိုဗစ်-၁၉ လူနာအမှတ် ၂၉၂ ကို ဒုတိယအကြိမ် စစ်ဆေးရာတွင် ရောဂါပိုးမတွေ့
DVB
·
July 4, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ပထမဆုံး ကိုဗစ်-၁၉ လူနာအမှတ် ၂၉၂ ရဲ့ ဓာတ်ခွဲနမူနာကို ဒုတိအကြိမ်စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိဘူးလို့ သိရပါတယ်။
ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က "ပိုးတွေလူနာတွေကို စစ်တဲ့အခါမှာ ပထမတစ်ကြိမ် ပိုးတွေ့ပြီး ၁၄ ရက်အကြာမှာ ဒုတိယအကြိမ်စစ်ရတယ်။ ဒုတိ ယအကြိမ်စစ်တာမှာ ပိုးမတွေ့တောဘူး။ အဲဒီလို ဒုတိယအကြိမ်စစ်ဆေးလို့ ၂၄ နာရီအတွင်းမှာ တတိယအကြိမ်စစ်ဆေးရမှာဖြစ်တယ်။ လူနာကို ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့မှသာ ဆေးရုံကဆင်းခွင့်ပြုမှာဖြစ်တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
လူနာအမှတ် ၂၉၂ နဲ့ ထိတွေ့ခဲ့သူများဖြစ်တဲ့ လှေသမ္မာန်သမား ၈ ဦး၊ ဟိုတယ်န်ထမ်း ၄ ဦး၊ စက်လှေသမား ၁ ဦး၊ ဆိုင်ကယ်ကယ်ရီသမား ၁ ဦးနဲ့ ကျန်းမာရေးဝန်ထမ်း ၂ ဦး၊ စုစုပေါင်း ၁၆ ဦးအား ပထမ ဆုံးအကြိမ် စစ်ဆေးရာမှာလည်း အားလုံး ရောဂါပိုးမတွေ့ရဘဲ ဒုတိယအကြိမ်စစ်ဆေးမယ်လို့ ဒေါက်တာကြည်ကြည်သာကပြောဆိုထားပါတယ်။
ကိုဗစ်-၁၉ လူနာအမှတ် ၂၉၂ ဟာ ဘင်္ဂလားဒေ့ရှိနိုင်ငံကို ပြီးခဲ့တဲ့အပတ်က ကုန်သွယ်မှုကိစ္စနဲ့ သွားရောက်ခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့မှာ စစ်တွေမြို့ကို ရောက်ရှိလာပြီး နေထိုင်မကောင်းတဲ့အတွက် မိသားစုထံမသွားဘဲ့ ကျန်းမာရေးဌာနကိုအကြောင်းကြားပြီး ဇွန်လ ၂၁ ရက်နေ့က စစ်တွေမြို့ကမ်းနားလမ်းရှိ ဟိုတယ်တခုမှာ နေထိုင်နေခဲ့သူ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မောင်တောမှာ ၅ ဦး၊ ဘူးသီးတောင်မှာ ၄ ဦး၊ သံတွဲမှာ ၁ ဦး၊ တောင်ကုတ်မှာ ၁ ဦး၊ စစ်တွေမြို့မှာ ၁ ဦး စုစုပေါင်း ၁၂ ဦးရှိတဲ့အထဲက သံတွဲ၊ တောင်ကုတ်မြို့နဲ့ မောင်တောမြို့က ၃ ဦး စုစုပေါင်း ၅ ဦး နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့တောတာ့ကြောင့် ဆေးရုံမှဆင်းသွားပြီလို့ သိရပါတယ်။
လင်းလက်