ကိုဗစ်-၁၉ လူနာအမှတ်၂၄၉ ဗန်းမော်ဆေးရုံမှ ဆင်းခွင့်ရ
DVB
·
July 2, 2020
ကချင်ပြည်နယ်၊ ဗန်းမော်ဆေးရုံကြီးမှာ ဆေးကုသမှုခံနေတဲ့ ကချင်ပြည်နယ်ရဲ့ ဒုတိယမြောက် ကိုဗစ်-၁၉ လူနာအမှတ် ၂၄၉ ကျန်းမာရေးဝန်ထမ်းအမျိုးသမီးဟာ ဆေးရုံတက်ပြီး ၂၁ ရက်အတွင်း ၂ ကြိမ်ဆက်တိုက်ပိုးမတွေ့တာကြောင့် ဇူလိုင် ၂ ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ရှိခဲ့ပါတယ်။
မိုးမောက်မြို့နယ် ကျန်းမာရေးမှူး ဦးစမ်းနိုင်က "ပိုးမတွေ့ ၂ ကြိမ် အဖြေထွက်ပြီးတော့ ဆေးရုံဆင်းခွင့်ရှိတဲ့အတွက် နေ့လယ် ၁၂ နာရီမှာ ဗန်းမော်ဆေးရုံကြီးကနေ ကျနော်တို့ မိုးမောက်မြို့နယ်က ကျန်းမာရေးဌာနနဲ့အတူ သက်ဆိုင်ရာက ကားနဲ့သွားရောက်ကြိုခဲ့ပါတယ်။ အခုမိုးမောက်ဆေးရုံကြီးရဲ့ Isolation ward မှာ ၁၄ ရက် ထပ်မံထားရှိပြီး ကျန်းမာရေးထပ်မံ စောင့်ကြည့် ဦးမှာပါ”လို့ ပြောပါတယ်။
လူနာအမှတ်- ၂၄၉ ဟာ လွယ်ဂျယ်မြို့နယ် ဝိန်ခမ်းကျေးရွာမှာတာဝန်ကျ ကျန်းမာရေးဝန်ထမ်းဖြစ်ပြီး ဇွန် ၁၁ ရက်မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိလို့ ဗန်းမော်ဆေးရုံမှာတက် ဆေးကုသမှုခံယူခဲ့ရတာပါ။
ကချင်ပြည်နယ်မှာတွေ့ရှိတဲ့ ကိုဗစ်-၁၉ လူနာအမှတ် ၁၄၄ နဲ့ ၂၄၉ တို့ဟာ ရောဂါဘယ်သူ့ဆီက ကူးလာမှန်းမသိရသလို သူတို့နဲ့ ထိတွေ့ဆက်စပ်သူ အားလုံးကို စစ်ဆေးရာမှာလည်း တစ်ဦး တစ်ယောက်ကိုမှ ရောဂါ ကူးစက်မှုမရှိဘူးလို့ သိရပါတယ်။
သတင်း - မုန်းမုန်းမင်း