Homeမြန်မာသတင်း
မော်လမြိုင်တွင် အမှိုက်ခွဲခြားစက်ရုံကြောင့် အနံ့ဆိုးထွက်ရှိမှု ၇၅ ရာနှုန်းခန့် ပျောက်ကင်းမည်ဟု ဝန်ကြီးပြော
မော်လမြိုင်တွင် အမှိုက်ခွဲခြားစက်ရုံကြောင့် အနံ့ဆိုးထွက်ရှိမှု ၇၅ ရာနှုန်းခန့် ပျောက်ကင်းမည်ဟု ဝန်ကြီးပြော
DVB
·
July 2, 2020
ကန့်ကွက်မှုတွေ ရှိနေတဲ့ မွန်ပြည်နယ်၊ မော်လမြိုင် အမှိုက်ခွဲခြားစက်ရုံ တည်ဆောက်မှု စီမံကိန်းပြီးစီးသွားရင် စွန့်ပစ်အမှိုက်အနံ့ဆိုး ထွက်ရှိမှု ၇၅ ရာခိုင်နှုန်းလောက် ပျောက်ကင်းသွားမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီးက ပြောပါတယ်။
မော်လမြိုင် အမှိုက်ခွဲခြားစက်ရုံ တည်ဆောက်မှု စီမံကိန်းကို ပြီးခဲ့တဲ့ မေလ ပထမအပတ်ကတည်းက မုရောင်းကျေးရွာမှာ စတင် အကောင်အထည်ဖော်နေတာပါ။ ဒီအမှိုက်ခွဲခြားစက်ရုံ တည်ဆောက်နေမှုကို မုရောင်းကျေးရွာဒေသခံတွေနဲ့ စက်ရုံအနီးရှိ မြဆည်းဆာဘိုးဘွားရိပ် တာဝန်ရှိသူက ကန့်ကွက်တာခဲ့ကြပါတယ်။
ဒီအမှိုက်ခွဲခြားစက်ရုံဟာ မော်လမြိုင်၊ချောင်းဆုံအပါဝင် မြို့နယ် ၅ မြို့နယ်က စွန့်ပစ်အမှိုက်တွေကို ခွဲခြားသန့်စင်သွားဖို့ ရည်ရွယ်ထားပြီး တည်ဆောက်မှု စီမံကိန်း ပြီးစီးသွားရင် စွန့်ပစ်အမှိုက်အနံ့ဆိုး ထွက်ရှိမှု ၇၅ ရာခိုင်နှုန်းလောက် ပျောက်ကင်းသွားမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောပါတယ်။
အမှိုက်ခွဲခြားစက်ရုံ တည်ဆောက်မှု စီမံကိန်းကို ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် EMP၊ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း EIA အားလုံးကို လုပ်ဆောင်ပြီး ဆောင်ရွက်ထားတာလို့ ဆိုပါတယ်။
မုရောင်းကျေးရွာဒေသခံတွေက အခုစီမံကိန်းမှ ထွက်ရှိလာမယ့် အနံ့တွေကြောင့် စီမံကိန်းကို ဖျက်သိမ်းခိုင်းတာ မဟုတ်ဘဲ နေရာရွှေ့ပြောင်းပေးဖို့ တောင်းဆိုတာလို့ မုရောင်းကျေးရွာဒေသခံ ကိုစိုးဝင်းနိုင်က ပြောပါတယ်။
အမှိုက်ခွဲခြားစက်ရုံ တည်ဆောက်နေတဲ့ စီမံကိန်းဟာ မြဆည်းဆာဘိုးဘွားရိပ်သာနဲ့ နီးကပ်နေတဲ့အတွက်ကြောင့် အဘိုးအဘွားတွေရဲ့ ကျန်းမာရေး ထိခိုက်လာမှာစိုးလို့ နေရာရွှေ့ပြောင်းပေးစေချင်တယ်လို့ မြဆည်းဆာဘိုးဘွားရိပ်သာ အကျိုးတော်ဆောင် ဦးဇင်မိုးက ပြောပါတယ်။
မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ အမှိုက်ခွဲခြားစက်ရုံ တည်ဆောက်တဲ့ စီမံကိန်းနဲ့ စွန့်ပစ်အမှိုက် စနစ်တကျ စီမံခန့်ခွဲမှု စီမံကိန်းကို အာရှဖွံ့ဖြိုးဘဏ် ADD ချေးငွေ ကန်ဒေါ်လာသန်း ၂၅ နဲ့ အကောင်အထည်ဖော်ဖို့ စီစဉ်ထားတာပါ။