အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးဂိတ် ဇူလိုင်လကုန်အထိ ပိတ်မည်
DVB
·
June 30, 2020
အိန္ဒိယ-မြန်မာနယ်စပ်ရှိ မိုးရေး-နန်းဖာလုံ နယ်စပ်ဂိတ်အသွားအလာကို ဇူလိုင်လကုန်အထိ ပိတ်ထားဖို့ ဇွန်လ ၂၉ ရက်နေ့က ဗဟို အမျိုးသားကျန်းမာရေးနဲ့ကာကွယ်ကုသရေးက ညွှန်ကြားလိုက်ပါတယ်။
တမူးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက “သေချာတာကတော့ ဂိတ်က ဇူလိုင်လကုန်အထိ ပိတ်ရမယ်လို့ ဗဟို အမျိုးသားကျန်းမာရေးနဲ့ကာကွယ်ကုသရေးက မနေ့က စာထုတ်တယ်။ နှစ်နိုင်ငံ ရောဂါအခြေအနေကတော့ အိန္ဒိယမှာ ပိုးတွေ့ရှိခြင်း ရှိ မရှိ ဆေးစစ်ချက်တွေ ပြုလုပ်ဖို့ လိုနေသေးတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
တမူးနဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်မှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၂၂၀ ကျော် ရှိနေပြီး သက်ဆိုင်ရာ quarantine စင်တာတွေမှာလည်း ဦးရေ တစ်သောင်းကျော် စစ်ဆေးဖို့ ရှိနေသေးတဲ့အတွက် နယ်စပ်ဂိတ်ကို ပိတ်ဖို့ ပြုလုပ်ခဲ့တာပါ။
ပြည်ပပြန်တွေကို လက်ခံမှု အခြေအနေနဲ့ ပတ်သက်ပြီးလည်း ဦးနိုင်နိုင်ဝင်းက “လက်ရှိအခြေအနေမှာ ကျနော်တို့ အရပ်ဘက်အဖွဲ့တွေ၊ မိတ်ဆွေတွေ ကျနော်တို့ဆီတိုက်ရိုက် ဆက်သွယ်လာသူတွေကို အချက်အလက်စုပြီး တိုင်းအစိုးရကိုတင်တယ်။ တိုင်းက ဝင်ခွင့်ပြုမှ တဘက်နိုင်ငံကို ပြန်ပို့ ၊ မိုးရေးဂိတ်ကနေ တဆင့် လက်ခံတယ်” လို့ ပြောပါတယ်။
လက်ရှိကာလမှာ တမူးမြို့ကနေ ပြည်ပက ပြန်လာသူတွေ ၃၀ ကျော်ရှိနေပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့တဲ့သူ မရှိသေးဘူးလို့ သိရပါတယ်။
သတင်း- မင်းရဲစစ်နိုင်