အထောက်အထားမဲ့ဝင်လာသည့် ဘင်္ဂါလီများအမှု တောင်ဒဂုံမြို့နယ်နေ ၁ ဦးကို ထပ်မံဖမ်းဆီး
DVB
·
June 30, 2020
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်ကို ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေကို ဇွန်လ ၂၃ ရက်နေ့က ဖမ်းမိခဲ့တာနဲ့ပတ်သက်ပြီး တောင်ဒဂုံမြို့နေ အမျိုးသား ၁ ဦးကို ဇွန်လ ၂၉ ရက်နေ့က ထပ်မံဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဘင်္ဂါလီ ၁၆ ဦးကို ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်း၊ လပွတ္တာကို ဝင်ရောက်လာမှုနဲ့ ပတ်သက်ပြီး အသက် ၃၂ နှစ်အရွယ် ကျော်ကျော်(ခ)စန်းနှင်းကျော်(ခ)ဖိုးချဲ(ခ)အာမင်ကို အမှုနဲ့ပတ်သက်ပြီး တတိယမြောက်ကွင်းဆက်အဖြစ် ထပ်မံဖမ်းဆီးလိုက်တာလို့ မြောင်းမြမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ပြောပါတယ်။
“တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေ တွေ့ရှိခဲ့ပြီး သူတို့နဲ့ပတ်သက်ဆက်နွှယ်သူတွေကို ကွင်းဆက် ဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်ခဲ့ရာကနေ သက်ရှိ၊ သက်မဲ့ သက်သေကွင်းဆက်တွေကနေ အခုလို နောက်ဆက်တွဲတရားခံတွေ ထပ်မံဖမ်းမိတာပါ။”
ဖမ်းဆီးမိခဲ့တဲ့ ဘင်္ဂါလီ ၁၆ ဦးကို ရေလမ်းခရီးကနေ ရခိုင်တိုင်းရင်းသားပိုင်စက်လှေနဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ကတဆင့် မြောင်းမြမြို့နယ်ကို ဝင်ရောက်လာစဉ် ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ပြည်သူတွေရဲ့ သတင်းပေးမှုအရ ဖမ်းဆီးနိုင်ခဲ့တာပါ။
“ဖမ်းမိတဲ့သူ ၁၆ ဦးကိုတော့ ပရိယတ္တိစွမ်းအားတောရကျောင်း Facility Quarantine ထားပြီး စောင့်ကြည့်ထားပါတယ်” လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။
တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေအား ပဲခူးတိုင်းမှ လာရောက်ခေါ်ဆောင်သူ ၄ ဦးကို ဇွန် ၂၃ ရက်နေ့ ညပိုင်းက အိမ်မဲကားလမ်းမပေါ်မှာ ဖမ်းမိခဲ့ပြီး မြောင်းမြမြို့မရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇/၁၁၄ နဲ့ အမှုဖွင့် ဖမ်းဆီးအရေးယူထားပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ဘိုဘို (မြောင်းမြ)