စင်ကာပူတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၁၅၄ ဦး ရန်ကုန်ပြန်ရောက်
DVB
·
June 29, 2020
ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလ စင်ကာပူနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၅၄ ဦးကို ဇွန်လ ၂၈ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
စင်ကာပူနိုင်ငံမှာ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ဖို့ အခက်အခဲ ကြုံတွေ့နေတဲ့ မြန်မာနိုင်ငံသား ၁၅၄ ဦးတို့ကို ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ မနေ့ညနေက ရန်ကုန်လေဆိပ်သို့ ပြန်ရောက်လာကြပါတယ်။
ပြန်ရောက်လာသူတွေကို ကျန်းမာရေးစိစစ်ပြီး သတ်မှတ်နေရာတွေမှာ ၂၁ ရက်တာ အသွားအလာကန့်သတ် Quarantine ထားရှိ နေထိုင်စေမှာဖြစ်ပါတယ်။
လာမယ့် ဇူလိုင်လ ၁ ရက်နေ့မှာလည်း စင်ကာပူဆိပ်ကမ်းမှာ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာသင်္ဘောသားတွေကို ဒသမကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ဖို့ ရှိနေပါတယ်။
ကိုဗစ်ကပ်ဘေးကာလ နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေ ပျံသန်းမှုယာယီရပ်ဆိုင်း ထားတာကြောင့် ပြည်ပနိုင်ငံတွေမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရက ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်ခေါ်ယူနေရာမှာ စုစုပေါင်း ၅၈၂၇ ဦးရှိသွားပြီဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက သိရပါတယ်။
ဓာတ်ပုံ- MOFA