ထိုင်းနှင့်အိန္ဒိယက ပြန်လာသူ ၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
DVB
·
June 28, 2020
ဇွန် ၂၇ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁,၉၆၅ ခုအား နှစ်သုတ်ခွဲ စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃ ဦး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁,၁၂၈ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၂၉၂ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၂၇၈ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၂၅၂ ခု၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် - ၁၀၀၀ က ဓာတ်ခွဲနမူနာ ၁၅ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၉၆၅) ခုအား စစ်ဆေးခဲ့တာပါ။
လူနာသစ် ၃ ဦးဟာ ထိုင်းနဲ့ အိန္ဒိယ နိုင်ငံတို့က ပြန်လာသူတွေဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်တွေမှာ အသွားအလာကန့်သတ်ထားသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်က အသက် ၁၅ နှစ်အရွယ် အမျိုးသားတဦးနဲ့ ရန်ကုန်တိုင်း လှိုင်မြို့နယ်က အသက် ၂၂ နှစ်နဲ့ ၂၃ နှစ်အရွယ် အမျိုးသား ၂ ဦးတို့ ဖြစ်ပါတယ်။
သူတို့ ၃ ဦးကို ဘားအံပြည်သူ့ဆေးရုံနဲ့ တပ်မတော်အသည်းရောဂါ အထူးကုဆေးရုံကြီးတို့မှာ ကုသမှုခံယူစေမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉၆ ဦး၊ သေဆုံးသူ ၆ ဦး၊ စောင့်ကြည့်လူနာအသစ် ၂၇ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၁၆ ဦးရှိပြီး အဲဒီထဲက ဆေးရုံမှ ဆင်းခွင့်ရသူ ၂၀၂ ဦးကို သတ်မှတ် နေရာတွေမှာ အသွားအလာဆက်လက်ကန့်သတ် စောင့်ကြပ်ကြည့်ရှုထားတယ်လို့ ဆိုပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀ သန်းကျော်၊ သေဆုံးသူ ၅ သိန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၅ ဒသမ ၄ သန်းကျော်ရှိတယ်လို့ သိရပါတယ်။