မြန်မာ- ထိုင်းနယ်စပ် မဲဆောက်တွင် စစ်လက်နက်ပစ္စည်းများ ဖမ်းမိ
DVB
·
June 23, 2020
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တစ်ဘက်ကမ်း နယ်စပ်နဲ့ ၅ ကီလိုအကွာရှိ မဲဆောက်က နေအိမ်တစ်လုံးမှာ စစ်လက်နက်တွေနဲ့ ဖေါက်ခွဲရေးပစ္စည်းတွေကို ဇွန်လ ၂၃ ရက်နေ့မှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိပါတယ်။
တာခ်ရိုင် မဲဆောက်မြို့မှာ လက်နက်ကုန်ကူးတဲ့သတင်းရရှိပြီးနောက် ထိုင်းတပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ထိုင်းနေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးရာမှာ စက်သေနတ် ၂ လက်၊ M16 သေနတ်နဲ့ လက်ပစ်ဗုံးတွေအပါအဝင် စစ်သုံး လက်နက်ပစ္စည်းတွေ ဖမ်းမိခဲ့တာပါ။
မဲ့တောင်းစီရင်စုရှိ အဆိုပါနေအိမ်မှာတွေ့ရှိတဲ့ လက်နက်ပစ္စည်းတွေနဲ့ ဆက်နွှယ်တဲ့ မဲဆောက်နယ်မြေခံတစ်ဦးနဲ့ တခြားခရိုင်မှ လာရောက်သူတစ်ဦး တို့ကို ထိုင်းစစ်တပ်နဲ့ ရဲတို့က အမှုမှန် ပေါ်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။
အဆိုပါ လက်နက်ပစ္စည်းတွေဟာ မြန်မာနိုင်ငံဘက်ခြမ်း ကရင်ပြည်နယ်ဘက်ကို ပို့ဆောင်မယ့် လက်နက်တွေဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ထိုင်းအာဏာပိုင်တွေက အတည်ပြုခြင်း မရှိသေးပါဘူး။
မြန်မာ-ထိုင်းနယ်စပ် မြဝတီ-မဲဆောက်ဒေသမှာ မူးယစ်ဆေးဝါးမှု၊ စစ်လက်နက်ပစ္စည်း မှောင်ခိုမှုနဲ့ လောင်းကစားမှုတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိလေ့ရှိပြီး အခု ၂၀၂၀ ပြည့်နှစ်ထဲမှာတော့ ပထမဆုံးအကြိမ် စစ်လက်နက်ပစ္စည်းတွေ အမြောက်အမြားဖမ်းဆီးရမိတာ ဖြစ်ပါတယ်။
သတင်း-ဖိုးစီ