အေအေအဖွဲ့၏တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲ ၃ ဦးနှင့် အရပ်သား ၁ ဦးသေဆုံး
DVB
·
June 23, 2020
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ အေအေအဖွဲ့ရဲ့ ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲ ၃ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးပြီး နယ်ခြားစောင့်ရဲ့ ၄ ဦးနဲ့ အရပ်သား ၁ ဦး ဒဏ်ရာရသွားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာအနီး မောင်တော-အငူမော်ကားလမ်းမှာ အေအေအဖွဲ့က မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်မယ်လို့ သတင်းရရှိလို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေက အင်းဒင်ရဲကင်းစခန်းမှ မော်တော်ယာဉ်တွေနဲ့ ထွက်ခွာလာခဲ့ရာမှာ ဇွန်လ ၂၂ ရက် ညနေ ၅ နာရီ ၂၀ မိနစ်လောက်က ကိုးတန်ကောက်ကျေးရွာအနီးမှာ အေအေအဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါနေရာမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကာ ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် အရပ်သား ယာဉ်မောင်း ၁ ဦး သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲဖြစ်တဲ့နေရာကို တပ်မတော်စစ်ကြောင်းတွေက အချိန်မီ သွားရောက် ပူးပေါင်း စစ်ကူပစ်ကူဆောင်ရွက်ပေးခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားတဲ့ အေအေအဖွဲ့တွေကို လိုက်စစ်ဆင် နေတယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ- CINCDS