Homeမြန်မာသတင်း
၃ နှစ်ကျော်ကြာရပ်ထားသည့် ဖျာပုံမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲ ပြန်ဆောက်ပေးရန် တောင်းဆို
၃ နှစ်ကျော်ကြာရပ်ထားသည့် ဖျာပုံမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲ ပြန်ဆောက်ပေးရန် တောင်းဆို
DVB
·
June 22, 2020
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ဂျိုဝါဝကျေးရွာမှာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်က တည်ဆောက်ခဲ့တဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံကို ပြီးစီးအောင် ဆက်လက်တည်ဆောက်ပေးဖို့ အစိုးရကို ဒေသခံတွေက တောင်းဆိုပါတယ်။
အဲဒီကျန်းမာရေးဌာနခွဲ အဆောက်အအုံကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှာ ပန္နက်တင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီ ၂၅ ရက်မှာ ၂၅ ရာခိုင်နှုန်း ပြီးသွားပေမဲ့ ဒီနေ့အချိန်အထိ ပြန်မတည်ဆောက်တော့တာကြောင့် ကျူပင်၊ ချုံနွယ်တွေ ဖုံးအုပ်နေပြီး သံစီ၊ သံကွေးတွေလည်း သံချေးတက်ပြီး နိုင်ငံတော် ဘဏ္ဍာငွေတွေ လေလွင့်ကုန်တော့မယ်လို့ ကျေးလက်ကျန်းမာရေးဌာနခွဲ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးတင့်လွင်က ပြောပါတယ်။
ဂျိုဝါဝကျေးရွာက ဦးကျော်ဦးက “ဆေးခန်းကြီးက တပိုင်းတစကြီးနဲ့ဆိုတော့ နေ့တိုင်း စိတ်မချမ်းသာဘူး။ ဟိုနေ့ ပြန်ဆောက်ပေးနိုးနိုး၊ ဒီနေ့ ပြန်ဆောက်ပေးနိုးနိုးနဲ့ မျှော်လင့်ခဲ့ရတာ အကြိမ်ပေါင်းမနည်းဘူး။ ကျန်းမာရေး တခုခု ဖြစ်လာရင် ရွာသူရွာသားတွေက လှေတတန်၊ ကုန်းတတန် သွားပြီး တခြားရွာတွေ သွားပြရတာ အရမ်းအခက်အခဲဖြစ်တယ်။ ကျနော်တို့ ကျေးရွာဆေးခန်းလေးကို နိုင်ငံတော်အနေနဲ့ အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးစေချင်ပါတယ်” လို့ ပြောပါတယ်။
လမ်းပန်းဆက်သွယ်ရေးက ရေလမ်းကို အားပြုရတော့ ကျေးရွာဒေသခံ ကျန်းမာရေး တစုံတရာ ဖြစ်ရင် မဖြစ်သင့်တာတွေ ဖြစ်ကုန်တယ်လို့ ဆေးခန်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှစိုးက ပြောပါတယ်။
ဖျာပုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသိန်းထွန်းဝင်းက “ဂျိုဝါဝကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံရဲ့ဘတ်ဂျက်ဟာ ၂၀၁၈-၂၀၁၉ မှာ ဘတ်ဂျက်ပြန်ကျတယ်။ ပြန်ကျတဲ့ ဘတ်ဂျက်ဟာ အဆောက်အအုံရဲ့ ၇၅ ရာခိုင်နှုန်း ပြန်ကျတယ်၊ ပြန်ကျတဲ့ ငွေက ၄၅ ဒသမ ၆ သန်း ပြန်ကျတယ်။ ပြန်ကျတော့ ဒေသပေါက်စျေးနဲ့ ကုန်ကျစရိတ်နဲ့ ကွာဟနေတာကြောင့် ဘယ်ကုမ္ပဏီမှ တင်ဒါမဆွဲကြဘူး။ တင်ဒါမဆွဲကြတော့ မြို့နယ်ကျန်းမာရေးကော်မတီကလည်း ချပေးဘတ်ဂျက်က နည်းနေပြီး လက်ရှိဒေသရဲ့ ကုန်ကျစရိတ်နဲ့ မကိုက်ညီတာကြောင့် မဆောက်နိုင်ကြဘူး။ ဂျိုဝါဝ ကျေးလက်ကျန်းမာရေးဌာနခွဲ ပြန်လည်တည်ဆောက်ဖို့ အမှန်တကယ် ကုန်ကျမယ့် ကုန်ကျစရိတ်ကိုတွက်ချက်ပြီး ၂၀၁၉-၂၀၂၀ ဖြည့်စွက်ရန်ပုံငွေ ဘတ်ဂျက်ထဲမှာ တင်တောင်းပေးထားပါတယ်” လို့ ပြောပါတယ်။
အဲဒီကျေးလက်ကျန်းမာရေးဌာနခွဲအတွက် ကျန်းမာရေးဝန်ထမ်း၊ သူနာပြု၊ သားဖွားဆရာမ ၁ ဦး ရောက်ရှိ တာဝန်ထမ်းဆောင်နေပြီး ယာယီဆေးခန်းလေး လုပ်ပေးထားတယ်လို့ သိရပါတယ်။
ဆေးခန်းအဆောက်အအုံ ပြီးစီးပါက ဂျိုဝါဝကျေးရွာ ပတ်ဝန်းကျင်အနီးအနားရှိ ကျေးရွာပေါင်း ၁၁ ရွာက ဒေသခံပြည်သူတွေအတွက် အားကိုးအားထားစရာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးခန်းတခု ဖြစ်လာမယ်လို့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဂျိုဝါကျောက်ရဲကျေးရွာအုပ်စု၊ ဂျိုဝါဝကျေးရွာဟာ ဖျာပုံမြို့နယ်ရဲ့ မြောက်ပိုင်းအစွန်မှာ တည်ရှိကာ လယ်၊ ဥယျာဉ်ခြံမြေ၊ အုန်း၊ ငှက်ပျော၊ ကွမ်းသီး၊ ပန်းနဲ့ မွေးမြူရေးလုပ်ငန်းတွေကို အဓိကလုပ်ကိုင်ကြတာပါ။
ကျော်စိုးမိုး