ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက စိုက်ပျိုးသက်မွေးပညာ အခမဲ့သင်တန်းဖွင့်မည်
DVB
·
June 22, 2020
မြန်မာလူငယ်တွေအတွက် အခမဲ့သင်ကြားပေးမယ့် စိုက်ပျိုးသက်မွေးပညာသင်တန်းတစ်ခုကို လာမယ့် အောက်တိုဘာလထဲမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဖွင့်လှစ်သွားဖို့ ရှိနေပါတယ်။
အနာဂတ်ကာလမှာ အရည်အသွေးမြင့်မားတဲ့ စိုက်ပျိုးရေးပညာရှင် လူငယ်တွေ တိုးတက်များပြားလာစေဖို့ ရည်ရွယ်ဖွင့်လှစ်မယ့် ဒီသင်တန်းကိုတော့ နေပြည်တော်မှာရှိတဲ့ လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း(Horticulture Training Academy - La Yaung Taw)မှာ တက်ရောက်ရမှာ ဖြစ်ပါတယ်။
ဒီသင်တန်းမှာတော့ အော်ဂဲနစ်ကို အခြေခံပြီးတော့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ပန်းမန်ဥယျာဉ်စိုက်ပျိုးနည်းတွေ၊ သစ်တောပြုန်းတီးမှု ကာကွယ်ရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရပ်တွေကို ပြည်တွင်း ပြည်ပ ပညာရှင်တွေက စာတွေ့ လက်တွေ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၀ နှစ်အတွင်း၊ အ အခြေခံပညာ အဋ္ဌမတန်းအောင်မြင်ပြီးသူ၊ ကျန်းမာရေးကောင်းမွန်ပြီး သင်တန်းပြီးဆုံးတဲ့အထိ တက်ရောက်နိုင်သူဖြစ်ရမယ်လို့ ကြေညာထားပါတယ်။
သင်တန်းကာလကိုတော့ အချိန် ၁ နှစ်သတ်မှတ်ထားပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ တက်ရောက်ရမှာ ဖြစ်ပါတယ်။
သင်တန်းကြေးအခမဲ့နဲ့ တက်ရောက်နိုင်မယ့် ဒီသင်တန်းကိုတော့ လူဦးရေ ကန့်သတ်ထားပြီး ရပ်ဝေးကနေ လာရောက်သင်ယူမယ့်သင်တန်းသားတွေအတွက် အဆောင် စီစဉ်ပေးမှာ ဖြစ်ပါတယ်။
သင်တန်းလျှောက်လွှာတွေကို ဇူလိုင်လ ၁ ရက်နေ့ကနေ စတင်ပြီး Horticulture Training Academy - La Yaung Taw သင်တန်းကျောင်းနဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ထုတ်ယူနိုင်ပြီး ဇူလိုင်လ ၃၀ ရက်နေ့ နောက်ဆုံး ထားကာ ပြန်လည်ပေးပို့ရမှာ ဖြစ်ပါတယ်။
ဝင်ခွင့်ဖြေဆိုဖို့ အရည်အချင်းပြည့်မီသူတွေကိုတော့ ဩဂုတ်လ ၇ ရက်နေ့မှာ ကြေ ငြာပေးသွားမှာဖြစ်ပြီး အသေးစိတ် သိရှိလိုသူတွေအနေနဲ့ Hot line ဖုန်းနံပါတ်တွေဖြစ်တဲ့ ၀၉-၇၈ ၇၉ ၅၆ ၄၄၇၊ ၀၉-၇၉ ၇၈ ၅၃ ၃၇၃ တို့ကို ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။