Homeမြန်မာသတင်း
ကုန်ကားနှင့် ဆိုင်ကယ်တိုက်မှုကြောင့် ရဲဒုတပ်ကြပ်၊ ကိုယ်ဝန်ဆောင်ဇနီးနှင့်သားဖြစ်သူတို့ သေဆုံး
ကုန်ကားနှင့် ဆိုင်ကယ်တိုက်မှုကြောင့် ရဲဒုတပ်ကြပ်၊ ကိုယ်ဝန်ဆောင်ဇနီးနှင့်သားဖြစ်သူတို့ သေဆုံး
DVB
·
June 22, 2020
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိတ္ထီလာမြို့ရှောင်လမ်း မိုင်တိုင် ၃၀၇/၀ မောက်လောက်ရွာအနီးမှာ ဇွန် ၂၁ ရက်က ၁၂ ဘီးကုန်တင်ကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာ ဆိုင်ကယ်စီးလာတဲ့ ရဲဒုတပ်ကြပ်မိသားစု ၃ ဦးလုံး သေဆုံးသွားတယ်လို့ မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးဦစီး ရဲအရာရှိက ပြောပါတယ်။
မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးဦးစီး ရဲအုပ်အောင်စိုးတင့်က “ခရိုင်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်း ဒုတပ်ကြပ်ပါ။ ဇနီးရော၊ သားရော သေဆုံးသွားတယ်။ ဇနီးက ကိုယ်ဝန်ကြီးနဲ့လို့ သိရတယ်။ မိတ္ထီလာမြို့ရှောင်လမ်းမှာ ဖြစ်သွားတာပါ” လို့ ပြောပါတယ်။
မိတ္ထီလာဘက်မှ ပျော်ဘွယ်ဘက်သို့ စဉ့်ကိုင်မြို့နယ် ဆည်ရွာနေ ကျော်မင်းထွန်း (၃၂-နှစ်) မောင်လာတဲ့ ၁၂ ဘီးကုန်တင်ကားဟာ လားရာတူကားတစီးကို ကျော်တက်လိုက်ရာ တဖက်ယာဉ်ကြောထဲ ရောက်ရှိပြီး မျက်နှာချင်းဆိုင်က ရဲဒုတပ်ကြပ်မိသားစု ၃ ဦး စီးလာတဲ့ ဆိုင်ကယ်ကို တိုက်မိပါတာပါ။
ရဲဒုတပ်ကြပ်ကိုကိုနိုင်၊ ဇနီးဖြစ်သူ မယမင်းသူဇာနိုင်၊ ၁ နှစ်အရွယ် သားဖြစ်သူ မောင်ရဲရင့်နိုင် တို့ သုံးဦးလုံး သေဆုံးသွားခဲ့ပါတယ်။ မယမင်းသူဇာနိုင်မှာ ကိုယ်ဝန် ၄ လ ရှိနေတယ်လို့လည်း သိရပါတယ်။
မိတ္ထီလာမြို့မရဲစခန်းမှာ ၁၂ ဘီးကား ယာဉ်မောင်း ကျော်မင်းထွန်းကို ယာဉ်မဆင်မခြင်မောင်းမှု လူသေမှူရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
မောင်မောင်လင်း