ဖျာပုံမြို့တွင် ဆရာ၊ ဆရာမ ၁၂၀၀ ကျော်ကို ကိုဗစ်-၁၉ ကာကွယ်ရေးပညာပေး သင်တန်းပို့ချ
DVB
·
June 21, 2020
ဧရာဝတီတိုင်း ဖျာပုံမြို့၊ သီရိ အဏ္ဏဝါခန်းမနဲ့ အ.ထ.က (၂) မှာ ဆရာ၊ ဆရာမ ၁၂၀၀ ကျော်ကို ဒီနေ့မနက်က စတင်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးသင်တန်း ပေးနေပါတယ်။
ကိုဗစ်ကာလမှာ ကျောင်းတွေပြန်ဖွင့်ရင် ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကို စနစ်တကျ ကာကွယ်ထိန်းချုပ်နိုင်ဖို့ သင်တန်းပေးရတာလို့ ဖျာပုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာသိန်းထွန်းဝင်းက ပြောပါတယ်။
“ဒီနေ့ကျင်းပတဲ့ Grade-4 အခြေခံဆရာ၊ ဆရာမများကို မွမ်းမံတဲ့သင်တန်းမှာ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီးတော့ အသိပညာပေးတဲ့လုပ်ငန်းပေါ့။ အရေးကြီးဆုံးက ကျောင်းသားတွေ ကျောင်းခန်းထဲမဝင်ခင် နည်းစနစ်မှန်ကန်စွာ ကိုယ်ပူချိန်တိုင်းနိုင်ဖို့၊ စနစ်တကျ Mask တပ်နိုင်ဖို့၊ နည်းစနစ်မှန်ကန်စွာ စက္ကန့် ၂၀ လက်ဆေးတတ်ဖို့ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်တွေအတိုင်း တသဝေမတိမ်း လိုက်နာ ဆောင်ရွက်ဖို့၊ ကိုဗစ်ကာလမှာ ကျောင်းတွေပြန်ဖွင့်ရင် ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကို စနစ်တကျ ကာကွယ်ထိန်းချုပ်နိုင်ဖို့ သင်ကြာပို့ချပေးနေပါတယ်။''
သင်တန်းတက်ရောက်နေတဲ့ ဆရာမ သင်းနုဆွေက "သင်တန်းက ရရှိလာတဲ့ ကျန်းမာရေးအသိပညာ၊ ဗဟုသုတတွေနဲ့ ကျောင်းတွေ ပြန်ဖွင့်ရင် ကျောင်းတွေမှာ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ဖို့စနစ်တကျ ပြန်လည်ဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး ကျန်းမာရေးသင်တန်းကို (Grade-4) သင်ရိုးသစ် သင်တန်းတက်ရောက်နေတဲ့ ဆရာ ဆရာမ ၁၂၉၀ ကျော် တက်ရောက်နေတာလို့ သိရပါတယ်။
ကျော်စိုးမိုး