၂၀၀၈ ဖွဲ့စည်းပုံ မပြင်နိုင်သေးသရွေ့ မြေယာပြဿနာ ရှိနေဦးမည်ဟုဆို
နော်နိုရင်း
·
June 19, 2020
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်နိုင်သေးသရွေ့ မြေယာပြဿနာတွေ ဆက်လက်ရှိနေဦးမှာဖြစ်တယ်လို့ ကယားပြည်နယ် လွှတ်တော် တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောပါတယ်။
ကယားပြည်နယ်လွှတ်တော် တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ထံ တိုင်ကြားထားတဲ့ တိုင်စာတွေထဲမှာ လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားတဲ့ ကိစ္စက အများဆုံးဖြစ်ပြီး ဒီကိစ္စဖြေရှင်းနိုင်ဖို့ ဥပဒေပြင်ဆင်မှဖြစ်မယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။
“ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မပြင်နိုင်သရွေ့ ဒီပြဿနာတက်နေမှာပဲ။ ဘာလိုလဲဆိုတော့ ကျနော်တို့က တပ်သိမ်းတဲ့မြေနေရာ စစ်တပ်ကိုတောင်းပြီးမှ စစ်တပ်ကလည်း သူ့အောက်ခြေကနေပြီး ဗဟိုကိုတင်တာဆိုတော့ သူတို့စွန့်မှ ရမှာလေ။ သူတို့မစွန့်လွှတ်ရင် ဒီမြေနေရာ ရမှာမဟုတ်ဘူး။”
၂၀၁၇ ခုနှစ်ကနေ ၂၀၂၀၊ မေလ ၃၁ ရက်အထိ တိုင်စာပစ်စာ ကော်မတီဆီကို တိုင်ကြားစာ စုစုပေါင်း ၄၈၄ စောင် ရှိနေပြီး လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားတဲ့ ကိစ္စ တိုင်ကြားစာပေါင်း ၂၆၃ စောင် အထိရှိနေကြောင်း ကော်မီတီရဲ့အစီရင်ခံစာအရ သိရပါတယ်။
ဒေသခံပြည်သူတွေဆီကနေ သိမ်းဆည်းထားတဲ့ မြေယာတွေကို အမှန်တကယ် အသုံးမပြုဘူးဆိုရင် နစ်နာဆုံးရှုံးသွားတဲ့ သူတွေကို မြေယာ သို့မဟုတ် လျော်ကြေးငွေ ပြန်ပေးဖို့လည်း ဦးအောင်နိုင်ဦး တိုက်တွန်းထားပါတယ်။
“စစ်တပ်ဆိုတဲ့အမျိုးက ပြည်သူရှိတဲ့နေရာမှာ စစ်တပ်လာတည်တာလေ။ စစ်တပ်ရှိတဲ့နေရာ ပြည်သူသွားတာမဟုတ်ပါဘူး။ တကယ်သူလိုအပ်တဲ့မြေကို စစ်တပ်က ယူ၊ ပိုတဲ့မြေကို ပြန်အပ်မယ်ဆိုရင် ပြည်သူတွေအားလုံးက ဝမ်းသာပီတိဖြစ်မယ်။ ”
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း ကယားပြည်နယ်မှာ တပ်မတော်နဲ့ ဒေသခံပြည်သူတွေ အကြား မြေယာအငြင်းပွားမှုပြဿနာကြောင့် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်က တောင်သူ ၃၀ ကျော် တရားစွဲဆိုခံခဲ့ရပါတယ်။