ပုသိမ်ဆေးရုံကြီးတွင် ကုသပေးနေသည့် တရုတ်နိုင်ငံမှပြန်လာသူ ၁ ဦး ဆွဲကြိုးချသေဆုံး
DVB
·
June 19, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးမှာ ဇွန် ၁၇ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံကပြန်လာပြီး ဆေးကုသမှုပြုလုပ်ပေးနေတဲ့ အမျိုးသား ၁ ဦး ဆွဲကြိုးချသေဆုံးခဲ့ တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။
အဆိုပါအမျိုးသားဟာ တရုတ်နိုင်ငံကနေ ဇွန် ၁၆ ရက်နေ့က ပုသိမ်မြို့ကို ရောက်ရှိလာတာ ဖြစ်ပြီး ပုသိမ်တက္ကသိုလ်ရှိ နန္ဒဆောင်မှာ အသွားအလာကန့်သတ်စောင့်ကြည့်တာတွေ ပြုလုပ်စဉ် လာခေါ်တဲ့ ကားပေါ်မှာပါလာတဲ့ ဘရိတ်ဆီကိုသောက်ခဲ့တာကြောင့် ဆေးရုံကြီးကို ခေါ်ဆောင် ကုသပေးနေစဉ်မှာ ဆွဲကြိုချသေဆုံးခဲ့တာလို့ ပုသိမ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က DVB ကိုပြောပါတယ်။
"သူ့ကိုရောက်လာထဲက သီးခြားဆောင်မှာထားတယ်။ အဲ့အချိန်မှာ မသင်္ကာလို့ ဝင်ကြည့်တော့ ပုဆိုးကို ကျစ်နေတာတွေလို့ မေးတော့ ဆွဲကြိုးချသေဖို့ပြောတော့ ဆရာတို့ အဆောင်ရွှေ့တယ်၊ အပြင်ကမြင်ရတဲ့ မှန်ခန်းကိုရွှေ့တယ်၊ ပြီးတော့ စီစီတီဗွီနဲ့ စောင့်ကြည့်နေတာ ညနေပိုင်းမှာ အိမ်သာတက်ချင်လို့ဆိုပြီး ဝင်သွားတယ်၊ အဲ့မှာ သူဝတ်ထားတဲ့ အင်္ကျီနဲ့ ပြန်ကြိုးဆွဲချတာပါ။"
ကြိုးဆွဲချသေဆုံးခဲ့တဲ့ အမျိုးသားဟာ ဆေးရုံကို ဇွန်လ ၁၆ ရက်နေ့ ညပိုင်း ရောက်ရှိစဉ်အချိန်က စတင်ကာ စိတ်မငြိမ်ဘဲ အော်ဟစ်တာတွေ နံရံတွေကို ထုတာတွေ ပြုလုပ်တာကြောင့် စိတ်ရောဂါဆရာဝန်နဲ့ ပြသပြီး ဆေးကုသတာတွေပြုလုပ်ပေးနေပြီး ဒုတိယ မြောက်ညမှာ ဆွဲကြိုးချသေဆုံးခဲ့တာပါ။
ဆေးရုံအုပ်ကြီးက ဒေါက်တာ သန်းမင်းထွဋ်က "လူနာကိုကြိုးဆွဲချသေဆုံးဖို့ ကြံစီနေတာသိလို့ လိုအပ်တဲ့ဆေးတွေ စိတ်ငြိမ်ဆေးတွေတိုက်ကာ ကုသပေးတာတွေ ကြိုးဆွဲချမသေဆုံးအောင် ပုဆိုးတွေကို သိမ်းထားတာတွေပြုလုပ်ထားတာ ခုလို မထင်မှတ်တဲ့ အင်္ကျီနဲ့ လုပ်ပြီး သေသွားတာ စိတ်မကောင်းဘူး"လို့ ပြောပါတယ်။
သေဆုံးခဲ့တဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို ဇွန်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ပုသိမ်မြို့ သရောင်းချောင်းမီးသင်္ဂြိုဟ်စက်မှာ ဘုန်းကြီး ၅ ပါးပင့်ဆောင်ကာ မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံက အမျိုးသားသေဆုံးတာနဲ့ ပတ်သက်ပြီး ဆေးရုံအုပ်ကြီးက မိသားစုဝင်တွေကို ဆက်သွယ်အကြောင်းကြားပေးခဲ့သလို ရဲတပ်ဖွဲ့ကလည်း သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
မင်းထက်မုန်း (ပုသိမ်)