တရားဟောဆရာ စောဒေးဗစ်လားအမှု တရားလိုပြသက်သေ ၄ ဦးကို စစ်ဆေး
သူသူအောင်
·
June 18, 2020
ကနေဒါနိုင်ငံသား ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားကို တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ ၆ ကြိမ် မြောက်ရုံးထုတ်မှာ တရားလိုပြသက်သေ ၄ ဦးစစ်ဆေးခဲ့ပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲခံထားရတဲ့ ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့ကို ဇွန် ၁၈ ရက်မနက်က မရမ်းကုန်းမြို့နယ်တရားရုံးမှာ ၆ ကြိမ် မြောက်ရုံးထုတ်စစ်ဆေးခဲ့တာပါ။
ဒီအမှုအတွက် တရားလို အပါအဝင် လိုပြသက်သေ ၁၄ ဦးအထိ တရားရုံးကို တင်သွင်းထားပြီး ဒီနေ့မှာ တရားလိုနဲ့ လိုပြသက်သေတို့ ၄ ဦးကို တရားရုံးက စတင်စစ်ဆေးဖို့ စီစဉ်ထားတာပါ။
ဒီနေ့ တရားလိုပြသက်သေ ဆရာဝန်တစ်ဦးနဲ့ တီးဝိုင်းက တီးခတ်သူ ၂ ဦး စုစုပေါင်း ၃ ဦး ကိုစစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ တစ်ဦးကိုတော့ တရားရုံးက ပယ်ချခဲ့ပါတယ်။
လာမယ့် ဇွန်လ၂၃ ရက်နေ့မှာတော့ ကျန်ရှိနေတဲ့ တရားလိုပြသက်သေ ၃ ဦးကို အပြီးသတ်စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ စွပ်စွဲခံရသူတွေဘက်က အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးအောင်ကြည်ဝင်းက ပြောပါတယ်။
စောဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့က ရုံးချိန်း ၂ ချိန်းအထိ အာမခံတင်သွင်းခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့ပါတယ်။
ဒီအမှုဟာ အများပြည်သူ စိတ်ဝင်စားနေပြီး အရေးကြီးတဲ့အတွက် ရက်ပေါင်း ၉၀ အတွင်း အပြီးသတ်စစ်ဆေးသွားမှာလည်း ဖြစ်ပါတယ်။