ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ဘတ်ဂျက်တောင်းခံခဲ့ခြင်းမရှိဟု ပြန်ကြားရေးဌာန ရှင်းလင်း
DVB
·
June 17, 2020
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ဘတ်ဂျက် တောင်းခံခဲ့တာ မဟုတ်ဘဲ ဝန်ကြီးဌာနအတွက်သာ ဘတ်ဂျက်တောင်းခံတာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ရှင်းလင်း ပြောကြားလိုက်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အခုဘတ်ဂျက်နှစ်အတွက် အသုံးစရိတ်တောင်းခံရာမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ရွေ့လျားစာကြည့်တိုက်ယာဉ်တွေအတွက် စက်သုံးဆီ အသုံးစရိတ်ပါဝင်ခဲ့ပြီး ဒီယာဉ်တွေကို ဝန်ကြီးဌာနက လွှဲပြောင်း ရယူထားပြီးဖြစ်တယ်လို့လည်း ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ဟာ ၂၀၁၃ ခုနှစ်ကတည်းက ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး ရွေ့လျား စာကြည့်တိုက်ယာဉ်တွေကိုတော့ ပြန်ကြားရေးဝန်ကြီးဌာနထံ အပြီးလွှဲပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဒီရွေ့လျားစာကြည့်တိုက်တွေအတွက် စက်သုံးဆီအသုံးစရိတ် ကျပ်သန်း ၂၀ ကျော်ကို ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်မှာ တောင်းခံခဲ့တာနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြန်လည်ဖြေဆိုခဲ့တာပါ။
ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က" လွှဲပေးခဲ့တဲ့ ပစ္စည်းတွေကလည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေ ကျနော်တို့ ဝန်ကြီးဌာန၊ ကျနော်တို့ ဦးစီးဌာနကို အပြီးအပိုင် နိုင်ငံတော်ကို လွှဲပေးတာဖြစ်ပါတယ်။ ကျနော်တို့ ဌာနရဲ့ ဌာနပိုင်ပစ္စည်းစာရင်းလည်း သွင်းပြီးဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ဒီလုပ်ငန်းတွေ ပုံမှန်လည် ပတ်ဖို့အတွက် စက်သုံးဆီတွေလိုအပ်တာကို တောင်းခံရပါတယ်။ ဒီလိုပဲ ရွေ့လျားစာကြည့်တိုက်ယာဉ်တွေအနေနဲ့ စာအုပ်တွေ ငှားဖို့အတွက်၊ စာအုပ်တွေဖြည့်တင်းဖို့အတွက် ဘတ်ဂျက်လျာထားရပါတယ်။ ဒီလိုတောင်းခံတာဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဘတ်ဂျက်လျာထားပြီးတော့ တောင်းပေးတာမဟုတ်ပါဘူး။ ကျနော်တို့ လျာထား တောင်းခံတဲ့ငွေတွေဟာ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ အညီ ကျနော်တို့ဌာနကပဲ တာဝန်ရှိတဲ့သူတွေက ကြီးကြပ်သုံးစွဲပြီးတော့ စာရင်းစစ်ပြန်ရမှာဖြစ်ပါတယ် " လို့ ပြောပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ပြန်ကြားရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးအပ်ခဲ့ရာမှာ ရွေ့လျားစာကြည့်တိုက်ယာဉ်တွေသာ မကဘဲ နေ့စားဝန်ထမ်းတွေလည်း ပါဝင်နေပါတယ်။
ဒီနေ့စားဝန်ထမ်းတွေအတွက်ကိုလည်း ပြန်ကြားရေးက ကျပ်ငွေ ၄၃ သန်း အသုံးစရိတ် တင်ပြထားပါတယ်။
ဒါနဲ့ပတ်သက်ပြီးလည်း ဦးအေးကြွယ်က "နေ့စားဝန်ထမ်း ၂၄ ဦးကို ဒီရွေ့လျားစာကြည့်တိုက်တွေနဲ့သွားရောက် service ပေးတဲ့အခါမှာ ဆောင်ရွက်နေတဲ့ နေ့စားဝန်ထမ်း ၂၄ ဦးရှိပါတယ်။ ဒါတွေကိုလည်း လက်ရှိမှာ နေ့စားဝန်ထမ်းအဖြစ် ဆက်လက်ခန့်ထားဖို့အတွက် တာဝန်ပေးဆောင်ရွက်လျက်ရှိပါတယ်။ " လို့ ပြောပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနထံကို ရွေ့လျားစာကြည့်တိုက်ယာဉ် ၁၇ စီးနဲ့ လူထုအခြေပြုဗဟိုဌာန ၁၆ ခု၊ ကွန်ပြူတာနဲ့ ဆက်စပ်ပစ္စည်း ၃၀၆ စုံတို့ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၅ ရက်က လွှဲပြောင်းပေးအပ်ခဲ့တာပါ။
အဆိုပါလွှဲပြောင်းတဲ့အခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်တို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေလည်း တက်ရောက်ခဲ့ပါတယ်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်နဲ့ နိုင်ငံတဝန်းလှည့်လည်ပြီး ပြည်သူတွေအတွက် အကျိုးရှိမယ့် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလမှာလည်း ကျန်းမာရေး ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
သတင်း-ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
ဓာတ်ပုံ- MOI