တောင်သူလယ်သမားများကို ကိုဗစ်-၁၉ အထူးချေးငွေ ၁ ဧက ကျပ် ၅၀၀၀၀ ထုတ်ချေးမည်
DVB
·
June 16, 2020
မြန်မာနိုင်ငံတဝန်းက တောင်သူလယ်သမားတွေအတွက် ကိုဗစ်-၁၉ အထူးချေးငွေအဖြစ် လယ်တစ်ဧကကို ငွေကျပ် ၅၀၀၀၀ နှုန်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးသွားဖို့ ရှိနေပါတယ်။
ကိုဗစ်-၁၉ ရောဂါဟာ မြန်မာလယ်ယာကဏ္ဍဖွံ့ဖြိုးရေး အပေါ်မှာလည်း ထိခိုက်မှုတွေ ရှိနေတာကြောင့် လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ကုစားဖို့အတွက် တောင်သူလယ်သမားတွေကို အစိုးရက အထူးချေးငွေ ထုတ်ချေးပေးဖို့ စီစဉ်ခဲ့တာပါ။
ကိုဗစ်-၁၉ အထူးချေးငွေအဖြစ် လယ်တစ်ဧကကို ငွေကျပ် ၅၀၀၀၀ နှုန်းနဲ့ လယ် ၁၀ ဧကအထိ ထုတ်ချေးပေးသွားမယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မွန်ပြည်နယ် မန်နေဂျာ ပြောပါတယ်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မွန်ပြည်နယ် မန်နေဂျာ ဦးကျော်စွာလှိုင် က “အခု ထုတ်ချေးပေးမယ့် ကိုဗစ်-၁၉ အထူးချေးငွေဟာ နှစ်စဉ် ထုတ်ချေးပေးနေတဲ့ လယ် တစ် ဧက ၁ သိန်းခွဲနှုန်း မဟုတ်ဘဲ ကိုဗစ်-၁၉ ကပ်ဘေး ကာလမှာ သီးသန့်ထုတ်ချေးပေးတဲ့ ချေးငွေ အမျိုးအစား ဖြစ်ပါတယ်။ တောင်သူလယ်သမားတွေအတွက် ကိုဗစ်-၁၉ အထူးချေးငွေကိုတော့ ဇွန်လအတွင်း စတင် ထုတ်ချေးပေးနိုင်အောင် စီစဉ်နေတာပြီး အတိုးနှုန်းဟာ ၅ ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်။”လို့ ဆိုပါတယ်။
ချေးငွေ စည်းကမ်းချက်တွေမှာတော့ ပုံစံ ၇ မူရင်း ရှိသူနဲ့ အကြွေးကျေထားတဲ့ တောင်သူလယ်သမားကို ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။
ဒီကိုဗစ်-၁၉ အထူးချေးငွေကိုတော့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ပြန်လည် ပေးဆပ်ရာမှာ ဖြစ်တယ်လို့ မန်နေဂျာ ဦးကျော်စွာလှိုင်ကပြောပါတယ်။
ကိုဗစ်-၁၉ အထူးချေးငွေ ထုတ်ပေးမယ်ဆိုရင် တောင်သူလယ်သမားတွေ စိုက်ပျိုးစရိတ် ပိုရပြီး အဆင်ပြေလာကြမယ်လို့ သထုံမြို့နယ် ဒုံဝင်းကျေးရွာ လယ်သမား ကိုအောင်ဝင်းက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ အထူးချေးငွေကို လယ်ဧကပေါင်း ၂၈၀၀၀၀ ကျော်အတွက် ငွေကျပ်သန်းပေါင်း ၁၀၀၀၀ ကျော် ထုတ်ချေးပေးသွားဖို့ လျာထားပါတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရပါတယ်။
သတင်း- ဇော်လွင်ထွဋ်