ပုသိမ် Quarantine စင်တာတွင် မူးယစ်ရမ်းကားသူ ၃ ဦး ထောင် ၃ လ ပြစ်ဒဏ်ချမှတ်ခံရ
DVB
·
June 16, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့က Quarantine စင်တာမှာ အရက်သေစာသောက်စား မူးယစ်ရမ်းကားခဲ့တဲ့ အမျိုးသား ၃ ဦးကို မြို့နယ်တရားရုံးက ဇွန်လ ၁၅ ရက် ညနေပိုင်းမှာ အလုပ်နဲ့ ထောင်ဒဏ် ၃ လ ပြစ်ဒဏ်ချမှတ်လိုက် ပါတယ်။
အဆိုပါ အမျိုးသား ၃ ဦးဟာ ထိုင်းနိုင်ငံက ပြန်လာပြီးနောက် ပုသိမ်တက္ကသိုလ် နန္ဒဆောင်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံနေရစဉ် အရက်သေစာသောက်စားခဲ့ပြီး ဇွန်လ ၈ ရက် ညပိုင်းမှာ Quarantine စင်တာက တာဝန်ကျဝန်ထမ်းတွေနဲ့ စေတနာဝန့်ထမ်းတွေကို ဆဲဆို ရမ်းကားခဲ့လို့ Regional Quarantine တာဝန်ရှိသူ ဒေါက်တာ မြတ်မင်းထွန်း က တရားစွဲဆိုခဲ့တာပါ။
ဒေါက်တာ မြတ်မင်းထွန်း က “အဲဒီညက အရက်မူးပြီး ရမ်းကားတယ်။ ဒီမှာရှိတဲ့ ကြီးကြပ်အဖွဲ့တွေနဲ့ လုံခြုံရေးတာဝန်ရှိသူတွေက တားတယ်မရဘူး။ Quarantine စည်းကမ်း ကိုဖောက်ဖျက်တဲ့အတွက်ကြောင့် တရားစွဲဆိုလိုက်ရတာ။” လို့ ပြောပါတယ်။
မူးယစ်ရမ်းကားခဲ့တဲ့ အမျိုးသား ၃ ဦးဟာတားမြစ်ထားတဲ့ မိန်းကလေးတွေအခန်းတွေကို သွားရောက်ပြီး အခန်းတံခါးတွေ ခေါက်တာတွေ ဖုန်းနံပါတ်တောင်းတွေပြုလုပ်ခဲ့လို့ Quarantine ဝင်နေသူ အမျိုးသမီးတွေက သူတို့ လုံခြုံရေးအတွက် တာဝန်ရှိသူတွေကို ဖုန်းဆက် အကူညီတောင်းခံခဲ့ရပါတယ်။
အဆိုပါအမျိုးသား ၃ ဦးကို ဇွန်လ ၁၀ ရက်နေ့မှာ ပုသိမ်မြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်စစ် ဆေးချိန်မှာ ဝန်မခံဘဲ ငြင်းဆိုခဲ့လို့ နှစ်ဘက်သက်သေတွေကို အပြန်အလှန်စစ်ဆေးပြီး ဇွန်လ ၁၅ ရက်နေ့ ၄ ကြိမ်မြောက်ရုံးချိန်မှာ အမိန့်ချမှတ်ခဲ့တာပါ။
အဆိုပါအမျိုးသား ၃ ဦးမှာ မြန်အောင်မြို့နယ်က ၂ ဦးနဲ့ ကျုံပျော်မြို့နယ်က ၁ ဦးဖြစ်ပြီး သူတို့ကို ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေပုဒ်မ ၁၈ အရ အလုပ်နဲ့ထောင်ဒဏ် ၃ လ ကျခံဖို့ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
သတင်း- မင်းထက်မုန်း (ပုသိမ်)