ဖျာပုံတွင် ဆရာ၊ဆရာမပေါင်း ၁၂၀၀ကျော်ကို Grade-4 သင်ရိုးသစ် သင်တန်းပေး
DVB
·
June 16, 2020
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့မှာ ဆရာ၊ ဆရာမ ၁၂၉၇ ဦးကို ဇွန် ၁၅ ရက်က စတင်ပြီး မြို့နယ်အဆင့် Grade-4 သင်ရိုးသစ် သင်တန်းဖွင့်လှစ် သင်ကြားပေးနေပါတယ်။
အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့အချိန်မှာ Grade-4 ကျောင်းသား ကျောင်းသူတွေအတွက် ပြောင်းလဲလိုက်တဲ့ သင်ရိုးသစ်ဘာသာရပ်တွေ ပြန်လည်ပို့ချနိုင်ဖို့ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်တာ ဖြစ်ပါတယ်။
သင်တန်းဖွင့်လှစ်ရာမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တဲ့အနေနဲ့ တစ်ခန်းကို သင်တန်းသား ၂၀ ဦး ထားရှိပြီး အခန်းပေါင်း ၆၅ မှာ နည်းပြဆရာ ၁၃၀ ဦးတို့က သင်ကြားပို့ချပေးသွားမယ်လို့ ဖျာပုံမြို့နယ်ပညာရေးမှူး ဦးတိုးဝင်းက ပြောပါတယ်။
Grade-4 သင်ရိုးသစ်မှာ ၁၀ ဘာသာရှိတာကြောင့် သင်တန်းသား ဆရာ၊ဆရာမတွေကို ၁၀ ဘာသာ သင်ကြားပို့ချသွားမယ်လို့ နည်းပြဆရာမ ဒေါ်တင်လေးမြင့်က ရှင်းပြပါတယ်။
သင်ရိုးသစ်ဟာ ကျောင်းသားတွေကို ဦးစားပေး လုပ်ခိုင်းတာ ဖြစ်တဲ့အတွက် ပိုပြီးထိရောက်တယ်လို့ သင်တန်းသူ ဆရာမ ဒေါ်စုမွန်လှိုင်က ပြောပါတယ်။
သင်တန်းကို ဖျာပုံမြို့ အ.ထ.က ၁ ကျောင်းနဲ့ အ.ထ.က ၂ ကျောင်းတွေမှာ ဖွင့်လှစ် သင်ကြားပေးနေတာဖြစ်ပြီး သင်တန်းကာလအတွင်း ကျန်းမာရေးအသိပညာပေးတွေကိုပါ သင်ကြားပို့ချပေးပြီး သင်တန်းကာလ ၇ ရက်ကြာမြင့်မယ်လို့ သိရပါတယ်။
သတင်း - ကျော်စိုးမိုး