Homeမြန်မာသတင်း
ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်သည့်ဓာတ်ခွဲခန်း စဝ်စံထွန်းဆေးရုံတွင် ဇူလိုင်လဆန်း စဖွင့်မည်
ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်သည့်ဓာတ်ခွဲခန်း စဝ်စံထွန်းဆေးရုံတွင် ဇူလိုင်လဆန်း စဖွင့်မည်
ညီငယ်
·
June 14, 2020
ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်တဲ့ ဓာတ်ခွဲခန်းကို တောင်ကြီးမြို့က စဝ်စံထွန်းဆေးရုံမှာ ဖွင့်လှစ်သွားမယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသူဇာချစ်တင်က ဒီဗွီဘီကို ပြောပါတယ်။
နိုင်ငံခြားက ပြန်လာသူတွေ၊ ပိုးတွေ့လူနာတွေနဲ့ ထိတွေ့တာကြောင့် ဓာတ်ခွဲနမူနာယူပြီး ရောဂါပိုးစစ်ဆေးရာမှာ ရန်ကုန်က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကိုသာ ပို့ဆောင်နေရကြောင့် အချိန်မီစစ်ဆေးနိုင်ဖို့ အခုလို ဖွင့်လှစ်တာလို့ ဆိုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းအတွက် တောင်ကြီးက စဝ်စံထွန်းဆေးရုံမှာ ဖွင့်လှစ်ဖို့ပြင်ဆင်နေပြီး မြောက်ပိုင်း လားရှိုးပြည်သူ့ဆေးရုံကြီးမှာ ဖွင့်ဖို့အတွက်တော့ အဆောက်အဦ ဆောက်လုပ်ဖို့ ပြင်ဆင်နေပြီလို့ ပြောပါတယ်။
ဒီလကုန်ပိုင်းလိုအပ်တဲ့ စက်ပစ္စည်းတွေ ရောက်ရင် ဇူလိုင်လဆန်းလောက်ကို စက်တွေတပ်ဆင်ပြီး လည်ပတ်လို့ရမှာဖြစ်ကြောင်း၊ ရောဂါပိုးစစ်ဆေးပေးတဲ့ စက်ထားဖို့ လက်ရှိမှာ ဓာတ်ခွဲခန်းကို ပြင်ပေးထားပြီး ဒါဟာ အစိုးရအဖွဲ့ ရန်ပုံငွေနဲ့ဆောင်ရွက်တာလို့ ပြောပါတယ်။
တောင်ကြီး စဝ်စံထွန်းဆေးဟာ ဗဟိုအဆင့်ဆေးရုံဖြစ်တော့ ဆေးရုံမှာ ဖွင့်မယ့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်တဲ့ဓာတ်ခွဲခန်းမှာ တာဝန်ထမ်းဆောင်ဖို့ ပိုးမွှားဗေဒဆရာဝန်ကြီးအပြင် ဓာတ်ခွဲခန်းပညာရှင်တွေလည်း ရှိကြောင်း၊ သူတို့အဖွဲ့တွေ အကုန်လုံး ရန်ကုန် အမျိုးသားဓာတ်ခွဲခန်းမှာ သင်တန်းတက်ပြီးတဲ့အပြင် မန္တလေးမှာလည်း သင်တန်းတက်ထားတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ် တောင်ကြီး၊ လားရှိုး၊ မန္တလေး၊ မော်လမြိုင်မြို့တွေက ကိုဗစ်၁-၉ ရောဂါပိုး ရှိ၊ မရှိ စစ်တဲ့စက်တွေကို ဝေယံကမ္ဘာ့ကျောက်မျက်လုပ်ငန်းက လှူဒါန်းထားတာဖြစ်ပြီး ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၂ သောင်းလောက် ရှိပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးနိုင်တဲ့ ဓာတ်ခွဲစက်တွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ မော်လမြိုင်တို့မှာ တပ်ဆင်ထားပြီး စစ်ဆေးပေးနေပါတယ်။
ရှမ်းပြည်နယ်တောင်ကြီးမှာ မကြာခင်ဖွင့်မယ့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်တဲ့ ဓာတ်ခွဲခန်းမှာတော့ တနေ့ကို ဓာတ်ခွဲနမူနာ ၁၀၀ ကျော်လောက် စစ်ဆေးပေးနိုင်မယ်လို့ သိရပါတယ်။