Homeမြန်မာသတင်း
အိန္ဒိယမှ မြန်မာဘက် ခိုးဝင်လာသူ ၆ ဦးကို ဓာတ်ခွဲနမူနာယူပြီး တမူးဆေးရုံတွင် စောင့်ကြည့်
အိန္ဒိယမှ မြန်မာဘက် ခိုးဝင်လာသူ ၆ ဦးကို ဓာတ်ခွဲနမူနာယူပြီး တမူးဆေးရုံတွင် စောင့်ကြည့်
ညီငယ်
·
June 14, 2020
အိန္ဒိယနိုင်ငံမှာ ကျမ်းစာသင်ကျောင်းသွားတက်ရာကနေ ငွေပြတ်လပ်ပြီး အခက်အခဲကြုံနေတာကြောင့် မြန်မာဘက်ခြမ်း တမူးမြို့ကို ခိုးဝင်လာတဲ့ ၆ ဦးရဲ့ ဓာတ်ခွဲနမူနာရယူပြီး တမူးဆေးရုံမှာ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
သူတို့ ၆ ဦးကို မနေ့ မနက်ပိုင်းက ချောင်းနက်ကြီးရွာမှာ တွေ့ရှိလို့ ခေါ်ဆောင်ကာ တမူးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကာ ဓာတ်ခွဲနမူနာယူပြီး ဆက်လက်စောင့်ကြည့်နေတယ်လို့ တမူးမြို့နယ် လဝကဦးစီးမှူး ဦးအောင်ကျော်စိုးက ဒီဗွီဘီကို ပြောပါတယ်။
ချင်းတိုင်းရင်းသား ၆ ဦးဟာ အိန္ဒိယနိုင်ငံ၊ နာဂလန်းပြည်နယ်၊ Phek Pfutsero မြို့ရှိ ကျမ်းစာသင်ကျောင်းမှာ ပညာသင်ကြားရာက ငွေပြတ်လပ်ပြီး ပြန်လာတာဖြစ်ကြောင်း၊ သူတို့ပြန်လာချိန် အိန္ဒိယနယ်စပ်ဂိတ်တွေလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။
“ကျမ်းစာသင်ကျောင်းတက်ပြီး၊ ပိုက်ဆံပြတ်ပြီး၊ အစာရေစာပြတ်လို့ ပြန်လာတယ်လို့ ပြောပါတယ်” လို့ ဦးအောင်ကျော်စိုးက ပြောပါတယ်။
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားပြီးနောက် မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်တွေကို ရောဂါကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှစ်နိုင်ငံစလုံးက မတ်လအတွင်းမှ စ တင်ပိတ်ထားခဲ့ကြောင်း၊ တရားဝင်နည်းလမ်းနဲ့ ပြန်လာလိုသူတွေကို နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းကာ နယ်စပ်မှာပြန်လည် လက်ခံပေးနေတယ်လို့ သိရပါတယ်။
တမူးမြို့နယ် လဝကဦးစီးမှူး ဦးအောင်ကျော်စိုးက “အမှန်တကယ်က ဂိတ်ကပိတ်ထားတော့ ခိုးပေါက်ကနေ လာကြတာပါ” လို့ ပြောပါတယ်။
ခိုးဝင်လာတဲ့ ၆ ဦးကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းကာ အထက်အဆင့်ဆင့်ကို တင်ပြထားတယ်လို့ ဆိုပါတယ်။
ပြန်ဝင်လာမယ့်သူတွေဟာ လူမှုအဖွဲ့အစည်းတွေကတဆင့် ချိတ်ဆက်ပြီး စာရင်းပေးလာကြသလို လွှတ်တော်ကိုယ်စားလှယ်တွေဆီကို အကြောင်းကြားလာတာကြောင့် ပြန်လက်ခံပေးတာလို့ တမူးမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ပြောထားပါတယ်။
လတ်တလောမှာလည်း အိန္ဒိယမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ပြန်လည်လက်ခံသွားမယ်လို့ ဆိုပါတယ်။