ပျောက်ဆုံး လားဟူတိုင်းရင်းသား ၁ ဦးကို သေဆုံးလျက်တွေ့၊ ၁ ဦးကို ဆက်လက်ရှာဖွေ
DVB
·
June 13, 2020
တောလိုက်သွားရင်း ပျောက်ဆုံးသွားတဲ့ လားဟူတိုင်းရင်းသား ၁ ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ပြီး ၁ ဦးကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးရွာနေ လားဟူတိုင်းရင်းသား ၂ ဦး ဇွန် ၅ ရက်နေ့မှာ တောလိုက်သွားစဉ် ပျောက်ဆုံးသွားခဲ့တာပါ။
ကျေးရွာသားတွေနဲ့ ပြည်သူ့စစ်အဖွဲ့ အင်အား ၆၀ လောက် တောနင်းလိုက်လံရှာဖွေခဲ့ရာ ဆီးငင်းရွာအနောက်ဘက် နမ့်ဟန်ချောင်းအတွင်းမှာ ဓားဒဏ်ရာတွေနဲ့ ပုပ်ပွသေဆုံးနေတဲ့ အလောင်းတစ်လောင်းကို ဇွန် ၁၂ ရက် ညနေ ၃ နာရီလောက် ရှာဖွေတွေ့ရှိခဲ့တယ်လို့ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။
“တောလိုက်သွားပြီး ဆိုင်ကယ်တစီးပျက်လို့ ဆိုင်ကယ်ပစ္စည်းဝယ်ဖို့ သူတို့နှစ်ဦး ရွာကို ခဏပြန်လာတယ်။ ၅ ရက်နေ့ ညနေဘက် ပြန်ထွက်သွားပြီး ပြန်မလာတော့တာကြောင့် မိသားစုက ပြောပြလို့ ရွာသားနဲ့ ပြည်သူ့စစ်အဖွဲ့တွေစုပြီး လိုက်လံရှာဖွေခဲ့ရာက သေဆုံးလျက် ပြန်တွေ့ရတာပါ။ မျက်နှာ၊ လည်ပင်းကို ဓားနဲ့မွှန်းထားတယ်။ ခြေလက်က အကြောတွေ ဖြတ်ထားတယ်။ ရင်ဘတ်နဲ့ ကျောကို ထိုးသွင်းဒဏ်ရာတွေလည်း တွေ့ရတယ်။ ခါးကိုလည်း ကြိုးချည်ပြီး ရေထဲက သစ်ငုတ်မှာချည်ထားရက် ပြန်တွေ့ခဲ့ရတာပါ။”
သေဆုံးအလောင်းကို အဲဒီနေရာအနီးမှာ မီးသင်္ဂြိုဟ်ပေးပြီး ပျောက်ဆုံးနေသူကိုတော့ ဆက်လက်ရှာဖွေနေပါတယ်။
အဲဒီနှစ်ဦးမှာ နားကောင်းမူးရွာ ကျမော်(ခ)ကျဖော်ဟဲ (သေဆုံး) နဲ့ ဟန်မတ် (ပျောက်ဆုံး) တို့ ဖြစ်ပါတယ်။
အောင်ဇေယျ