ကိုဗစ်-၁၉ လူနာအမှတ် ၂၅၀ ဘင်္ဂလားဒေ့ရှ် ဇာတီမူရဒုက္ခသည်စခန်းမှ တရားမဝင်လာသူဖြစ်
DVB
·
June 12, 2020
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က ကိုဗစ်-၁၉ လူနာ အမှတ် ၂၅၀ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်မြို့ရှိ ဇာတီမူရဒုက္ခသည်စခန်းကနေ တရားမဝင် ပြန်လာသူ တစ်ဦး ဖြစ်ပါတယ်။
မနေ့ညက ကိုဗစ်-၁၉ လူနာသစ် ၁၁ ဦးစာရင်းကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာရာမှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က အသက် ၂၆ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်ပြန် အမျိုးသားတစ်ဦးပါဝင်လာတာဖြစ်ပါတယ်။
အဆိုပါလူနာနဲ့ ပတ်သက်ပြီး ဘူးသီးတောင် အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက "သူက ဇာတိမူရဒုက္ခသည်စခန်းကနေ ဇွန်လ ၃ ရက်နေ့ စထွက်လာတယ်လို့သိရတယ်ဗျ။ တောင်ပြိုလက်ယာချောင်းကနေ အဖော် နှစ် ဦးနဲ့ မြန်မာဘက်ကို ခိုးကူးလာတယ်။ ရေတွင်းကျွန်းကျေးရွာမှာ တစ်ညအိပ်တယ်။ ၄ ရက်နေ့မှာ မင်္ဂလာကြီးကျေးရွာက သုံးဘီးငှားပြီး ဘူးသီးတောင်ကို ည ၆ နာရီလောက်မှာ ရောက်လာတာဖြစ်တယ်” လို့ ပြောပါတယ်။
လူနာအမှတ် ၂၅၀ ဟာ ၂၀၁၇ အကြမ်းဖက်ဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားခဲ့ပြီး တက္ကနပ်မြို့မှာရှိတဲ့ ဇာတီမူရဒုက္ခသည်စခန်းမှာ နေထိုင်နေခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက် သေဆုံးသူတွေ ရှိလာတဲ့အတွက် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ယာချောင်းလမ်းကနေ အဖော်နှစ်ဦးနဲ့ အတူ ခိုးဝင်လာခဲ့တာပါ။
လူနာအမှတ် ၂၅၀ ဟာ ဘူးသီးတောင်မြို့နယ် ကျောက်လှပြင်ကျေးရွာရှိ သူနေအိမ်မှာ ၂ ည အိပ်ခဲ့ပြီးဇွန်လ ၆ ရက်မှာ ဘူးသီးတောင်မြို့ အမှတ်(၃)ကွက်၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ဗလီကြီးရှိ အာရဗီစာသင်ကျောင်းမှာ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ဝင်ရောက်လာတဲ့သူ ၇ ဦးနဲ့အတူ Facility Quarantine ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ဇွန်လ ၇ ရက်မှာ သူတို့ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ပတ်တွေကို ဓာတ်ခွဲစစ်ဆေးရာမှာ ဇွန်လ ၁၁ ရက်နေ့က သူတစ်ဦးတည်းမှာသာ ကိုဗစ်-၁၉ ရောဂါစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
လက်ရှိ လူနာအမှတ် ၂၅၀ ကို ဘူးသီးတောင် ပြည်သူ့ဆေးရုံမှာ အထူးကြပ်မတ်ကုသပေးနေပြီး လိုအပ်လာပါက မောင်တောခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်မယ်လို့ ဘူးသီးတောင်ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက ဒီဗွီဘီကို ပြောပါတယ်။
"အခုလက်ရှိမှာတော့ ကျန်းကျန်းမာမာပါ။ ဘူးသီးတောင်ဆေးရုံ နှစ်ထပ်ဆောင်မှာရှိတဲ့ သီးသန့်ကြပ်မတ်ဆောင်မှာ ဆေးကုသသွားမှာပါ။ လိုအပ်လာရင်တော့ မောင်တော ဆေးရုံကို လွှဲပြောင်းပေးသွာမှာဖြစ်တယ်"
အဆိုပါလူနာမှာ မိသားစု ၄ ဦးရှိပြီး သူနဲ့ ထိတွေ့ခဲ့သူတွေ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာရှိနေပေမဲ့ စုံစမ်းဖော်ထုတ်မှု အားနည်းနေပါတယ်။ လူနာအမှတ် ၂၅၀ ဟာ မောင်တောခရိုင်အတွင်းမှာ ၅ ယောက်မြောက် ကိုဗစ်-၁၉ ပိုးတွေ့လူနာဖြစ်ပါတယ်။
သတင်း - လင်းလက်