ကလေးလုပ်သား ၆ သိန်းခန့် အန္တရာယ်ရှိ လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရ
DVB
·
June 12, 2020
မြန်မာပြည်တွင်းရှိ အသက် ၁၈ နှစ်အောက် ကလေးလုပ်သား ၁ ဒသမ ၂ သန်းလောက်မှာ ၆ သိန်းလောက်က အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရပါတယ်။
လက်ရှိ ပြည်တွင်း ကိုဗစ်၁၉ ရောဂါဖြစ်ပွားမှုအခြေအနေတွေကြောင့် ကလေးလုပ်သားတွေ လျော့နည်းပပျောက်ဖို့ထက် ပိုပြီးများနိုင်တဲ့အခြေအနေတွေကိုသာ ကြုံလာရနိုင်တယ်လို့ အလုပ်သမားအဖွဲ့ချုပ်တွေက သုံးသပ်ထားပါတယ်။
လက်ရှိတော့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ အလုပ်လုပ်နိုင်တဲ့ အနိမ့်ဆုံးအသက်အရွယ် ပြဋ္ဌာန်းချက်အမှတ်-၁၃၈ ကို လိုက်နာဆောင်ရွက်ပါ့မယ်လို့ မြန်မာနိုင်ငံက အခု ဇွန် ၈ ရက်နေ့က အတည်ပြလိုက်ပါတယ်။
ဒီအတည်ပြုချက်အရ အလုပ်လုပ်နိုင်တဲ့ အနိမ့်ဆုံးအသက်အရွယ်ကို ၁၄ နှစ်အဖြစ် သတ်မှတ်ထားပါတယ်။ ဒီသတ်မှတ်ချက်နဲ့အညီ ကလေးလုပ်သားလျော့နည်းပပျောက်ရေး အမျိုးသားအဆင့် ယန္တရားတွေကို ဒုတိယသမ္မတ(၁) က ဦးဆောင်ပြီး လုပ်ဆောင်နေတာဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။
မြန်မာပြည်တွင်းရှိ ကလေးအလုပ်သမားတွေကို အလုပ်ရုံများအက်ဥပဒေ၊ ဆိုင်များနှင့် အလုပ်ဌာနများ အက်ဥပဒေ စတဲ့ ဥပဒေတွေနဲ့ စည်းကျပ်ဆောင်ရွက်နေတာပါ။ ဒီဥပဒေတွေအရ ၁၄ နှစ်အောက်ကလေးတွေကို လုံးဝအလုပ်ခိုင်းစေခွင့်မရှိပါဘူး။
၁၄ နှစ်ကနေ ၁၆ နှစ်ကြားလုပ်သားတွေကို သက်ဆိုင်ရာ ဆရာဝန်တွေရဲ့ ဆေးထောက်ခံချက်နဲ့ ပေါ့ပါးတဲ့အလုပ်တွေကို အလုပ်ချိန် ၄ နာရီသာ ခိုင်းစေရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အခြေခံလူတန်းစားများပြားတဲ့ မြန်မာနိုင်ငံအတွက် ဒီဥပဒေတွေပါ သတ်မှတ်ချက်တွေကို လိုက်နာတာမရှိသေးသလို မလိုက်နာတဲ့သူတွေကိုလည်း အရေးယူဆောင်ရွက်နိုင်တဲ့ အနေအထား မရှိသေးပါဘူး။
ဇာခြည်