အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေး တိုးမြှင့်လုပ်ဆောင်
DVB
·
June 12, 2020
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နိုင်ငံတကာနယ်စပ်ဝင်ထွက်ပေါက်ရှိတဲ့ ချင်းပြည်နယ်မြောက်ပိုင်း ရိခေါ်ဒါမြို့မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ရဲတပ်ဖွဲ့တွေနဲ့အတူ စေတနာ့ဝန်ထမ်းအဖွဲ့တွေ ပူးပေါင်းပြီး လူအဝင်အထွက်တွေ ကြပ်မတ် စောင့်ကြည့်နေပါတယ်။
ရိခေါရ်ဒါမြို့ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေပြီး မီဇိုရမ်မြို့တော် အိုက်ဇောမှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၀၀ နီးပါးရှိနေတဲ့အတွက် မီဇိုရမ်ကို လတ်တလောမှာ အိန္ဒိယအစိုးရက လော့ဒေါင်း ပြန်ချထားပါတယ်။
ရိခေါရ်ဒါဒေသခံ မသဲက “ခိုးဝင်တာမျိုး မရှိဖို့ စောင့်ကြတယ်။ နေ့ရော ညရော ကင်းလှည့်တာတွေ့တယ်။ ဒီမှာက နယ်စပ်ဆိုတော့ ချောင်းပဲခြားတာ။ အဲ့ချောင်းကို ကူးပြီး ခိုးဝင်ရင် ကြောက်စရာပဲ။ ခုက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း များနေတယ်ဆိုတာ သတင်းတွေ ကြည့်ရင်း တကယ် ရောဂါရှိသူများ ကျော်လာရင် မတွေးရဲစရာပဲ” လို့ ပြောပါတယ်။
နယ်စပ်ကနေ မြန်မာနိုင်ငံဘက်ကို တရားမဝင်ခိုးဝင်လာသူမရှိစေဖို့နဲ့ လက်နက်မှောင်ခို တရားမဝင်ကုန်ပစ္စည်းတွေနဲ့ မူးယစ်ဆေးဝါးမှောင်ခိုတွေ မဝင်ရောက်ရေးအတွက်ပါ လုံခြုံရေးကို နေ့ညမပြတ် အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မြို့ပေါ်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာတွေနဲ့ ရပ်ကွက်လူငယ် စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်။ တားဆီးရေးအတွက် မြို့အဝင်အထွက်နေရာ တွေမှာ လူဝင်ထွက်သွားလာမှု စောင့်ကြည့်စစ်ဆေးတာနဲ့ Facility Quarantine နေရာတွေမှာ လုံခြုံရေးစောင့်ကြည့်တာတွေ လုပ်ဆောင်နေပါတယ်။
ဒါ့ပြင် မြို့ပေါ်ရပ်ကွက်တွေအတွင်း နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်းဆိုင်ရာ အသိပညာပေးတာ၊ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေတာနဲ့ ရပ်ကွက်အတွင်း လက်ကိုင်စပီကာနဲ့ လှည့်လည်ဆော်သြတာတွေကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ရိခေါရ်ဒါပြန်ဆက်က ထုတ်ပြန်ထားပါတယ်။
မင်းရဲစစ်နိုင်