မိုးမောက်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁ ဦး တွေ့ရှိ
DVB
·
June 11, 2020
ဇွန် ၁၀ ရက်နေ့အတွက် ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၈၂၈ ခုအား စစ်ဆေးချက်အရ ကချင်ပြည်နယ် မိုးမောက်မြို့နယ်က အသက် ၂၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) က ဓာတ်ခွဲနမူနာ ၅၅၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၂၇၄ ခု၊ စုစုပေါင်း ၈၂၈ ခု အား ဒီနေ့မနက်ပိုင်း စစ်ဆေးပြီးစီးခဲ့တာလို့ ဆိုပါတယ်။
လူနာသစ် အမှတ် ၂၄၉ ဟာ ပြည်ပခရီးသွားလာတာမရှိသလို ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့မှုမရှိခဲ့ဘဲ အသွားအလတ် ကန့်သတ်ထားသူတဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ လူနာကို ဗန်းမော်မြို့ ပြည်သူ့ဆေးရုံးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။
မနေ့ညက ဓာတ်ခွဲနမူနာ ၇၈၅ ခု စစ်ဆေးချက်အရလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ကိုဗစ်-၁၉ လူနာသစ် ၂ ဦးထပ်မံ စစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အဆိုပါလူနာသစ် ၂ ဦးကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာတဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၃၂ နှစ် အရွယ် အမျိုးသား ၁ ဦးတို့ဖြစ်ကြပြီး နှစ်ဦးစလုံးဟာ မောင်တောမြို့နယ်မှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ခံထားရသူတွေဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၄၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၁၆၅ ဦးနဲ့ ဒီအထဲက ၁၄၈ ဦး ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်တယ်လို ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။