မောင်တောတွင် ဘင်္ဂလားဒေ့ရှ်ပြန် ကိုဗစ်-၁၉ လူနာသစ် ၂ ဦးထပ်မံတွေ့ရှိ
DVB
·
June 10, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ကိုဗစ်-၁၉ လူနာသစ် ၂ ဦးထပ်မံ စစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည သတင်းထုတ်ပြန်ပါတယ်။
အဆိုပါလူနာသစ် ၂ ဦးကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာတဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးနဲ့ အသက် ၃၂ နှစ် အရွယ် အမျိုးသား တစ်ဦးတို့ဖြစ်ကြပြီး နှစ်ဦးစလုံးဟာ မောင်တောမြို့နယ်မှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ခံထားရသူတွေဖြစ်ပါတယ်။
အဆိုပါ လူနာသစ် ၂ ဦးပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြန်လာသူတွေအထဲက ကိုဗစ်-၁၉ ရောဂါ တွေ့ရှိသူ စုစုပေါင်း ၄ ဦးရှိသွားပြီဖြစ်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၅၃)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၅၅) ခုနဲ့ အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၇၇) ခု စုစုပေါင်း (၇၈၅)ခု စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် နှစ်ဦး တွေ့ရှိရတာပါ။
ဇွန်လ ၁၀ ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၂၄၈ ဦး ၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၁၆၅ ဦးနဲ့ ဒီအထဲက ၁၄၈ ဦး ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်တယ်လို ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။