ကိုဗစ်-၁၉ လူနာအမှတ် ၂၄၂ အား သရက်မြို့မှ မကွေးပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသ
DVB
·
June 8, 2020
သရက်မြို့ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် အမှတ် ၂၄၂ အား မကွေးပြည်သူ့ဆေးရုံကြီးကို မနေ့ညက ပို့ဆောင်ပြီး ဆေးကုသပေးထားတယ်လို့ သိရပါတယ်။
ပိုးတွေ့လူနာကို ည ၁၀ နာရီမှာ သရက်မြို့ကနေ မကွေးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူဖို့ မြတ်ပါရမီ လူမှုကူညီရေးအသင်းကားနဲ့ ပြောင်းရွှေ့ပို့ဆောင်ခဲ့တာပါ။
ထိုင်းနိုင်ငံက ပြန်လာတဲ့သူတွေကို မကွေးမြို့ကနေ မေ ၂၆ ရက်နေ့က စတင်ပြီး သရက်မြို့ကို အသုတ်လိုက်ပို့ပေးပြီး တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားတာပါ။
ပထမအသုတ် ၃၁ ယောက်ကို ဇွန် ၃ ရက်နေ့နဲ့ ဒုတိယအသုတ် အယောက် ၅၀ ကို ဇွန် ၄ ရက်နေ့တွေက နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာယူပြီး ရန်ကုန်မြို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဒုတိယအသုတ် အယောက် ၅၀ ထဲမှာ သရက်မြို့နယ် ကွမ်းအုံကျေးရွာနေ ၃၆ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် ၂၄၂ မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း ဇွန် ၇ ရက်နေ့ ည ၈ နာရီမှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
ဇွန် ၇ ရက်နေ့ပေးပို့တဲ့ တတိယအသုတ် ၅၆ ယောက်ရဲ့ အဖြေကိုတော့ မသိရသေးပါဘူး။
သရက်မြို့ကို ဇွန် ၇ ရက်နေ့ညနေကလည်း ထိုင်းကပြန်လာသူ ၇ ယောက် ထပ်မံရောက်ရှိလာပြီး စုစုပေါင်း ၁၄၄ ဦးကို Facility Quarantine စင်တာမှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားပါတယ်။
တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်ဆရာဝန်ကြီးတို့က ပိုးတွေ့လူနာကို အားပေးစကားပြောကြားပြီး အသုံးအဆောင်အစားအသောက်နဲ့ ငွေကြေးပံ့ပိုးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဇွန်လ ၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ လူနာ စုစုပေါင်း ၂၄၂ ဦး၊ သေဆုံးသူ ၆ ဦး နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၁၅၆ ဦးရှိပြီး ဒီအထဲက ၁၃၆ ဦး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဘဦး