ဂန့်ဂေါမြို့နယ်တွင် ကမ်းပြိုထိန်းသိမ်းရေး ရွာသားများ ကိုယ်ထူကိုယ်ထ ဆောင်ရွက်
DVB
·
June 5, 2020
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာမှာ မြစ်သာမြစ်ရေ တိုက်စားလို့ နှစ်စဉ် မြစ်ကမ်းပါးပြိုကျမှု အန္တရာယ် ကာကွယ်နိုင်ဖို့အတွက် မြစ်သာမြစ် မြစ်ကြောင်းလွှဲခြင်းနဲ့ ကမ်းပြိုထိမ်းသိမ်းရေးလုပ်ငန်းကို ကျေးရွာနေပြည်သူတွေကိုယ်ထူကိုယ်ထ ဆောက်ရွက်နေပါတယ်။
ခုလိုလုပ်ဆောင်ဖို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီဇိုင်းနဲ့ နည်းပညာအပြင် သံချောင်းတွေနဲ့ တိုင်းအစိုးရပိုလျှံငွေကနေ ကျပ် ၄၈ ဒသမ ၀၁ သန်း ကူညီထောက်ပံ့ခဲ့တယ်လို့ တိုင်းဆောက်လုပ်ရေးဌာနက သိရပါတယ်။
မကွေးတိုင်း ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက " ပြည်သူက ပူးပေါင်း ဆောင်ရွက်ရင် အောင်မြင်တယ်။ ကျနော်တို့လက်ထက်မှာ အဲလုပ်ငန်းတစ်ခု တော်တော်လေး သဘောကျတယ်။ တင်ဒါတွေ ဘာတွေ ပစ်မယ်ဆိုရင် သန်း နှစ်ရာ ကျော်လောက်မှ ဖြစ်မယ့်ကိစ္စမျိုး။ ခုကျတော့ ၄၈ ဒသမ ၀၁ ကျပ် သန်းနဲ့ပြီးသွားတာ။ အစိုးရမှာ ဘတ်ဂျက်မရှိတဲ့ အချိန်အခါမျိုး ဂန့်ဂေါမြို့ ကန်ရွာလိုမျိုး အစိုးရ၊ ဌာန၊ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရတော့ တော်တော်လေး ကောင်းတယ်ဗျာ။ အောင်လည်းအောင်မြင်တယ်။ ကျနော်တို့က ကျေနပ်တာပေါ့ " လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ငဖဲမြို့ မန်းချောင်းမှာ ကျေးရွာကော်မတီနဲ့ ပူးပေါင်းပြီး မန်းချောင်း ကမ်းပါးပြိုကာကွယ်ရေး လုပ်ငန်းကြီးတစ်ခုကို တိုင်းအစိုးရက ငွေကျပ်သန်း ၈၀ ထောက်ပံ့မှုနဲ့ ကျေးရွာကိုယ်ထူကိုယ်ထ ဆောင်ရွက်ခဲ့ပါတယ်။
ဂန့်ဂေါမြို့ ကန်ကျေးရွာကို အဓိက တိုက်စားနေတဲ့ မြစ်သာမြစ်ကြောင်းနေရာကို တာဘောင်ရိုး ထုထည် ပေ ၄၀ ခန့်နဲ့ အမြင့် ၁၂ ပေခန့် ပိတ်ထားကာ ဘေးမှ ပင်မတူးမြောင်း ထိပ်ဝအကျယ် ပေ ၂၀၀ ၊ မြောင်းအောက်ပိုင်း အကျယ် ပေ ၁၀၀ခန့်နဲ့ မြောင်း အရှည် ပေ ၃၀၀၀ ရှိ မြစ်ကြောင်းလွှဲခြင်းလုပ်ငန်းကို ပြီးခဲ့တဲ့မေလ ၆ ရက်က စတင်ဆောင်ရွက်ရာ ဇွန်လ ၄ ရက်အထိ လုပ်ငန်းပြီးစီးမှု ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးကြောင်း ကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဇော်မင်းထံက ပြောပါတယ်။
"ကျောက်ကြီးတွေကို ကျေးရွာက သံခြင်းကြီးထဲထည့်ပြီးသည့်အထိ ကျေးရွာက တာဝန်ယူ ဆောင်ရွက်တာ။ သံခြင်းကြီး ၁၈ ခြင်း ထောက်ပံ့ပေးတယ်။ သံခြင်းကြီး ၃၀ လောက်ရှိပြီး။ ရွာထဲမှာရှိတဲ့ ဖောကားတွေကို အကူအညီတောင်းတယ်။ အတတ်နိုင်ဆုံး။ ရွာထဲက လူတွေ အလှည့်ကျ ကူညီပေးတယ်။ အဓိက ကျောက်ကြီး ကျင်း ငါးရာခန့် ရွာကနေ ကူညီထားတယ်။ လိုအပ်ရင် ကျောက်ကြီးကတော့ ရွာက တာဝန်ယူကူညီမှာ။ ရွာက တစ်သိန်း၊ နှစ်သိန်း အစပေါ့ စုစုပေါင်း အလှူငွေ ကျပ် ၈၀ သိန်း လောက်ရှိပြီး။ ဆောက်လုပ်ရေးက ဘက်ဖိုးတစ်စီး၊ ကျေးလက်ဌာနက ဘက်ဖိုးတစ်စီး၊ မြန်မာ့ သစ်လုပ်ငန်းက ဒိုဆာ တစ်စီး ကူညီပေးတယ်"
၁၉၉၅ ခုနှစ်မှ စတင်ကာ မြစ်သာမြစ်ရေဟာ ကန်ကျေးရွာကို စတင်ပြီး နှစ်စဉ် အဓိက မြစ်ကမ်းပါးတိုက်စားလာလို့ ကျေးရွာရှိ လယ်၊ ယာမြေ ဧက ၁၀၀ ကျော်နဲ့ အိမ်ခြေ ၆၀ ခန့် ရွေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။
လက်ရှိ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းကို ရေတိုက်စားခံရနေရပြီး ဆေးရုံ၊ ဆေးရုံဝန်ထမ်း အဆောက်အဦးတွေ၊ သာသနိက အဆောက်အဦတွေနဲ့ နီးကပ်လာနေလို့ တိုင်းအစိုးရအဖွဲ့ ကူညီထောက်ပံ့မှုနဲ့အတူ ကျေးရွာက တတ်နိုင်သမျှ ပူးပေါင်းကာ ကိုယ်ထူကိုယ်ထ ဆောင်ရွက် နေကြတာ ဖြစ်ပါတယ်။
ကိုလင်း(ချောက်)