မော်လမြိုင်တွင် ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ စတင်စစ်ဆေး၊ ၉၃ ဦး ရောဂါပိုးမတွေ့
DVB
·
June 5, 2020
မွန်ပြည်နယ်၊ မော်လမြိုင် ဓာတ်ခွဲခန်းမှာ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ ဇွန် ၄ ရက်နေ့က စတင် စစ်ဆေးနေပြီလို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က DVB ကို ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ စတင် စစ်ဆေးရာမှာ ဝန်းထမ်းလိုအပ်ချက်ကြောင့် ၉၄ ဦးသာ စစ်ဆေးနိုင်ခဲ့ပြီး ၉၃ ဦးမှာ ရောဂါပိုး မရှိဘူးလို့ အဖြေထွက်ထားတာပါ။ ကျန် ၁ ဦးကတော့ ဓာတ်ခွဲ နမူနာယူရာ လိုအပ်ချက်တွေ ရှိနေတဲ့အတွက်ကြောင့် ပြန်လည်စစ်ဆေးသွားဖို့ စီစဉ်ထားပါတယ်။
လက်ရှိမှာတော့ ဓာတ်ခွဲခန်းရဲ့ ဝန်ထမ်းလိုအပ်ချက်ကြောင့် အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနဲ့ စနေနေ့တွေမှာသာ ဓာတ်ခွဲ စစ်ဆေးပေးသွားဖို့ ရှိနေပါတယ်။
ဒီ ကိုဗစ်-၁၉ ဓာတ်ခွဲခန်းအတွက် မော်လမြိုင်မြို့ရှိ တီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲက ဇီဝလုံခြုံရေးအဆင့် ၃ ရှိတဲ့ ဓာတ်ခွဲခန်းကို အသုံးပြုသွားထားပါတယ်။
ဒီဓာတ်ခွဲခန်းဟာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသရှိ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ စောင့်ကြည့်လူနာတွေကို ဓာတ်ခွဲစစ်ဆေးဖို့ စီစဉ်ထားပေမယ့် လတ်တလောမှာတော့ မွန်ပြည်နယ်က လူတွေကိုသာ အဓိကထား စစ်ဆေးပေးသွားမှာ ဖြစ်ပြီး နောက်ပိုင်းမှ ကရင်နဲ့ တနင်္သာရီတိုင်းက လူတွေကိုပါ စစ်ဆေးပေးမှာ ဖြစ်ပါတယ်။