ညောင်လေးပင်မြို့နေ ထိုင်းကပြန်လာသူ ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
DVB
·
June 3, 2020
ထိုင်းနိုင်ငံက ပြန်လာတဲ့ ပဲခူးတိုင်း ညောင်လေးပင်မြို့က အသွားအလာကန့်သတ်ထားသူ အသက် ၂၆ နှစ်အရွယ် အမျိုးသား ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက်ထုတ်ပြန်ထားပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၆၄၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၂၆၉) ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) က ဓာတ်ခွဲနမူနာ ၁၆၆ ခု၊ စုစုပေါင်း ၁,၀၈၀ ခုအား ဒီနေ့မနက် စစ်ဆေးပြီးစီးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁ ဦး တွေ့ရှိခဲ့တာပါ။
လက်ရှိမှာတော့ လူနာသစ် အမှတ် ၂၃၃ ကို ပဲခူးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၇ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၃၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၄၃ ဦးရှိပါတယ်။
ဇွန် ၂ ရက်နေ့အတွက် ဆေးသုတေသနဦးစီးဌာန DMR က ဓာတ်ခွဲနမူနာ ၁၂၉ ခု၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ (၁,၂၉၈)ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၂၆၉ ခု နဲ့ ရန်ကုန်မြို့၊ အမှတ် ၁ တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) က ဓာတ်ခွဲနမူနာ ၁၆၆ ခု၊ စုစုပေါင်း ၁,၈၆၂ ခုအား စစ်ဆေးခဲ့တာပါ။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ လူနာသစ် ၄ ဦး တွေ့ရှိခဲ့ပြီး ကျောက်တံတားမြို့နယ်မှာနေထိုင်တဲ့ အိန္ဒိယပြန် အသက် ၂၉ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်မှာ နေထိုင်တဲ့ တရုတ်နိုင်ငံပြန် အသက် ၃၁ နှစ်အရွယ် အမျိုးသား ၁ ဦး၊ ချင်းပြည်နယ် မင်းတပ်မြို့နယ်နေ မလေးရှားပြန်အသက် ၂၃ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နေ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြပါတယ်။