မြန်မာရွှေ့ပြောင်းအလုပ်သမားများ ထိုင်းအစိုးရပေးသည့် ရိက္ခာအထောက်အပံ့မရရှိ
DVB
·
June 1, 2020
ထိုင်းနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့် လော့ဒေါင်းချထားတဲ့ကာလမှာ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးအရက စားနပ်ရိက္ခာတွေ ထောက်ပံ့ဖြန့်ဝေပေးတာတွေ မလုပ်ပေးသေးဘူးလို ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေးလုပ်ဆောင်သူ ဦးမိုးကြိုးက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့အပြင် ကွင်းဆင်းစစ်ဆေးမှုတွေကိုလည်း ထိုင်းအစိုးရက အခုချိန်ထိ ပြုလုပ် ပေးခြင်းမရှိသေးဘူးလို့လည်း ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ မူလလော့ဒေါင်းပြုလုပ်ထားတဲ့ မေလ ၃၁ ရက်နေ့အထိအစား အခုလကုန် ဇွန်လ ၃၀ ရက်နေ့အထိ တစ်လ ထပ်တိုးထားတာလည်း ဖြစ်ပါတယ်။
လော့ဒေါင်းရက်ထပ်တိုးလိုက်တဲ့အတွက် အလုပ်ရုံတွေ၊ စက်ရုံတွေ ပြန်မဖွင့်နိုင်ဘဲ လုပ်ငန်းခွင်ဝင်ဖို့ စောင့်နေတဲ့ အလုပ်သမားတွေအတွက် အခက်အခဲတွေ ဖြစ်နေပါတယ်။
မေလ ၂၃ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံထဲ ပြန်လည်ဝင်ရောက်လာသူပေါင်း ၁၀၀၀၀ ကျော် ရှိနေပြီး နေရပ်ပြန်ဖို့ စာရင်းပေးသွင်းထားသူ ၃၄၀၀၀ ကျော် ရှိတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးစာရင်းအရ သိရပါတယ်။