ပုသိမ်ဆေးရုံရှိ ကိုဗစ်-၁၉ လူနာအမှတ် ၁၉၁ ကို ဒုတိယအကြိမ်စစ်ဆေးရာ ရောဂါပိုးမတွေ့
DVB
·
June 1, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ ရောဂါ ပထမဆုံးစတင်တွေ့ရှိခဲ့တဲ့ လူနာအမှတ် ၁၉၁ ကို မေလ ၂၉ ရက်နေ့က ဒုတိယအကြိမ်စစ်ဆေးခဲ့ရာမှာ ရောဂါပိုးမတွေ့ရှိဘူးလို့ သိရပါတယ်။
လူနာအမှတ် ၁၉၁ ကို မေလ ၂၉ ရက်က ဓာတ်ခွဲ စစ်ဆေးမှု ဒုတိယအကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီး မေလ ၃၀ ရက်နေ့ ဓာတ်ခွဲအဖြေထွက်ချိန်မှာ ရောဂါပိုးမတွေ့ရှိတော့တာလို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ဒီဗွီဘီကို ပြောပါတယ်။
"ဒုတိယအကြိမ်စစ်တာတော့ ပိုးမတွေ့ဘူး အဖြေထွက်တယ်။ လူနာကတော့ ကျန်းမာရေးကောင်းတယ်။ ဖျားတာနာတာမရှိဘူး၊ တတိယအကြိမ်တော့ ထပ်စစ်သွားအုံးမယ်"
လူနာအမှတ် ၁၉၁ ဟာ မလေးရှားနိုင်ငံက ပြန်လာသူဖြစ်ပြီး မေလ ၁၉ ရက်က ရောဂါစတင်တွေ့ရှိခဲ့ကာ မေလ ၂၉ ရက် ထပ်မံစစ်ဆေးချိန်မှာ ပိုးမတွေ့ရပေမဲ့ စိတ်ချရအောင် ဇွန် ၁ ရက်နေ့ တတိယအကြိမ်ထပ်မံစစ်ဆေးသွားဖို့ရှိတယ်လို့ သိရပါတယ်။
လက်ရှိအချိန်တွင် ဧရာဝတီတိုင်းအတွင်း မလေးရှားနိုင်ငံကပြန်လာသူ ၂ ဦး ရောဂါပိုးကူးစက်ခံထားရပါတယ်။ ပထမဆုံးပိုးတွေ့သူကို စစ်ဆေးရာ ပိုးမတွေ့တော့ပေမယ့် အတည်ပြုလူနာ ၂ ဦးလုံးကို ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ သီးခြားကုသဆောင်မှာ ဆေးကုသမှု ပေးနေတယ်လို့ ဆေးရုံအုပ်ကြီးကပြောပါတယ်။
သတင်း- မင်းထက်မုန်း (ပုသိမ်)