ထိုင်းမှပြန်လာသူများထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀ ရာခိုင်နှုန်းခန့်ရှိ
DVB
·
May 31, 2020
ထိုင်းနိုင်ငံကနေ မြဝတီချစ်ကြည်ရေးတံတားကတဆင့် ပြန်လည်ဝင်ရောက်လာသူတွေထဲမှာ ၁၀ ရာခိုင်နှုန်းလောက်ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဖြစ်တယ်လို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့်ကော်မတီ ဥက္ကဋ္ဌ ဦးတေဇာအောင်က ပြောပါတယ်။
နှစ်နိုင်ငံ သဘောတူညီမှုနဲ့ မြန်မာနိုင်ငံသားတွေဟာ မေ ၂၃ ရက်နေ့က စတင်ပြီး မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ပြန်လည်ဝင်ရောက်လာရာမှာ ၁၀ ယောက်မှာ ၁ ယောက်က ကိုယ်ဝန်ဆောင်တွေဖြစ်တယ်လို့ ဆိုပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကိုဗစ်-၁၉ ကူးစက်ခံရမှာကို စိုးရိမ်ကြသလို ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ဖို့ ပြန်လာသူတွေများပါတယ်။
ဘားအံမြို့နယ်၊ ဝင်းကျန်ကျေးရွာ မမေသူဝင်းက “ညီမက ၂၁ ရက်နေရမယ်ဆိုတော့ ပိုပြီးတော့ကြိုက်တယ်။ ကိုယ့်မှာက ရောဂါပါလား၊ မပါလားမသိဘူး” လို့ ပြောပါတယ်။
ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်တဲ့ စိတ်ပင်ပန်းမှုကြောင့်ဖြစ်တဲ့ သွေးပေါင်တက်တာကို ဂရုစိုက်ပြီးစစ်ပေးနေရတယ်လို့ မြဝတီခရိုင် ပြည်သူကျန်းမာရေးဦးစီးဌာန(တွဲဖက်)ဒေါက်တာ နေဝင်းလင်းက ပြောပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ခလပ်ကျေးရွာ မဖြူဖြူဖွေးက “နည်းနည်းတော့ စိုးရိမ်စိတ်တွေရှိတယ်။ ကူးများ ကူးမလား။ ကိုယ့်မှာပါလို့ သူများကူးမလား အဲလိုမျိုး စိုးရိမ်တယ်။ ဗိုက်ကြီးသည်ဆိုတော့ ကလေးအတွက်လည်း စိုးရိမ်တယ်"လို့ ပြောပါတယ်။
ရခိုင်၊ ကချင်၊ ချင်း၊ ကယား ကရင်ပြည်နယ်အတွင်းက ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀၀ နီးပါးကို မြဝတီမြို့ Quarantine စခန်းတွေမှာ သီးသန့်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေပါတယ်။
ကျန်ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကိုတော့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အသီးသီးက Quarantine စခန်းတွေကို ဝင်ရောက်နိုင်ဖို့ လွှဲပြောင်းအပ်နှံပြီးဖြစ်သလို ပြန်လည်ဝင်ရောက်လာသူတွေထဲမှာ ကရင်ပြည်နယ်က အမျိုးသမီးအများဆုံးဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
မေ ၃၀ ရက်နေ့အထိ ထိုင်းနိုင်ငံကနေ တရားဝင် ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၃၀၀ ကျော်၊ သီးခြားဝင်ရောက်လာသူ ၆၀၀၀ ကျော်ရှိပါတယ်။
ရဲမင်းခေါင်