Homeမြန်မာသတင်း
၁၁ ရက်အတွင်း ပြည်ပပြန် ၂၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့၊ ဒုတိယလှိုင်းအတွက် မပေါ့ဆသင့်ဟုဆို
၁၁ ရက်အတွင်း ပြည်ပပြန် ၂၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့၊ ဒုတိယလှိုင်းအတွက် မပေါ့ဆသင့်ဟုဆို
ညီငယ်
·
May 27, 2020
မေလ ၁၆ ရက်ကနေ မေလ ၂၆ ရက်နေ့အထိ ပြည်ပနိုင်ငံတွေက ပြန်ရောက်လာသူတွေထဲက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတာ ၂၄ ဦးရှိပြီ ဖြစ်ပါတယ်။
အခုနောက်ပိုင်း ရောဂါပိုးတွေ့ရှိသူတွေဟာ ပြည်ပနိုင်ငံတွေက ပြန်လာသူတွေပဲ ဖြစ်တာကြောင့် မြန်မာပြည်ကိုဗစ်ဒုတိယလှိုင်းအတွက် ပြည်သူတွေအနေနဲ့ မပေါ့ဆသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဒီဗွီဘီကိုပြောပါတယ်။
မေလ ၁၆ ရက်နေ့က Case-182 အဖြစ် မလေးရှားပြန် ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးစတွေ့ပြီးနောက် မေလ ၁၇ ရက်နေ့မှာ မလေးရှားပြန် ၁ ဦး၊ မေလ ၁၈ ရက်နေ့မှာ မလေးရှားပြန် ၄ ဦး ၊ မေလ ၁၉ ရက်နေ့မှာ မလေးရှားပြန် ၃ ဦးနဲ့ ယူအေအီးပြန် ၂ ဦး ၊ မေလ၂၀ ရက်နေ့မှာ ယူအေအီးပြန် ၆ ဦး ၊ မေလ ၂၃ ရက်နေ့မှာ မလေးရှားပြန် ၂ ဦး၊ မေလ ၂၅ ရက်နေ့မှာ အီတလီနဲ့ အိန္ဒိယပြန်တို့က ရောဂါပိုးတွေ့ရှိသူ ၂ ဦး၊ မေလ၂၆ ရက်နေ့မှာ အိန္ဒိယက ပြန်လာတဲ့ သူ ၃ ဦးမှာ ရောဂါပိုး ထပ်တွေ့ခဲ့တာကြောင့် စုစုပေါင်း ပြည်ပနိုင်ငံတွေက ပြန်လာတဲ့အထဲက ရောဂါပိုးတွေ့ရှိသူ ၂၄ ဦး ရှိလာပါတယ်။
လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “ပြည်တော်ပြန်တွေဆီကပဲ တောက်လျှောက်ကူးနေတယ်။ ကိန်းဂဏန်းတွေကလည်း ထွက်နေတယ်ဆိုတော့ ပြည်သူတွေအနေနဲ့ ဒုတိယလှိုင်းကို မပေါ့ဆသင့်ပါဘူး။ ပေါ့လျော့ရင် ကျနော်တို့ ထိန်းထားတဲ့ဟာပါ ပြိုလဲသွားမှာ ကြောက်ရတယ်။ ဒါကိုတော့ ဂရုစိုက်ပြီး လိုက်နာပေးဖို့ ကျနော် ပြောချင်ပါတယ်” လို့ ပြောပါတယ်
မေလ ၂၇ ရက်မနက်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၀၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၁၂၄ ဦးနဲ့ ဒီအထဲက ၁၁၄ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။