အလွမ်းအဆွေးဘုရင်မ တေးသံရှင် ကေကေမိုး သီချင်းသစ် — “အခွင့်ရှိရင်” (ရုပ်သံ)
DVB
·
May 25, 2020
ခပ်ဆွေးဆွေးသီချင်းစာသားတွေ၊ သံစဉ်တွေနဲ့ သီချင်းတွေ သီဆိုရင်း ပရိသတ်တွေ ကြား ရေပန်းစားလာတဲ့ အဆိုတော် ကေကေမိုးရဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။
“အခွင့်ရှိရင်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး သော်မိုးစက်က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး Oxygen Band တေးဂီတအဖွဲ့ရဲ့ တီးခတ်မှုနဲ့အတူ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
“မင်းကတော့ မေ့လောက်ပြီကွာ… အချစ်သစ်နဲ့ ဘဝက အခြေကျ… အချိန်တွေ ပြောင်းလဲသွားပါစေ… မနေ့ကလိုပဲကွာ… အတူလျှောက်ခဲ့တဲ့ လမ်းလေးတွေမှာ… တခါတရံမှာ ပြန်ဆုံဦးမလား… အခါခါ သတိရစိတ်နဲ့ သွားကြည့်မိနေတာ”
အသက် ၂၂ နှစ်အရွယ် တေးသံရှင် ကေကေမိုးဟာ တေးသံရှင် ချောစုခင်ရဲ့ ညီမ ဝမ်းကွဲတော်စပ်ကာ “ကျွန်မ”သီချင်းနဲ့ ပရိသတ်အားပေးမှုတွေ ရရှိထားခဲ့သူဖြစ်ပြီး အဲဒီသီချင်းနဲ့ပဲ စီးတီးအက်ဖ်အမ်ရဲ့ ရေပန်းအစားဆုံး အမျိုးသမီးတေးသံရှင်သစ်ဆုကို ရရှိ ထားခဲ့တာ ဖြစ်ပါတယ်။
သူဟာ ရုပ်ရှင်ဇာတ်ဝင်တေးတော်တော်များများကိုလည်း အကောင်းဆုံး သီဆိုနေ ရသူတဦးဖြစ်ပြီး “ငါ့ကိုနမ်းတဲ့မုန်တိုင်း”ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေး “မောင် မငိုရဘူးနော်”၊ “မှော်ကျောက်စာ”ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေး “ကျေနပ်တယ်”စတဲ့ သီချင်းတွေဟာ ပရိသတ် လက်ခံအားပေးတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။
လတ်တလောမှာတော့ ကေကေမိုးဟာ “ကျွန်မ”အမည်နဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေ တာ ဖြစ်ပါတယ်။
“ဟိုတချိန်က ချစ်သူရေ… မင်းဘယ်မှာ… ဘယ်သူနဲ့ ရှိနေမလဲ… ငါ့အတွေးများ… အရင်လိုပဲ… မင်းထားခဲ့တဲ့အတိုင်းပဲ ရှိတဲ့ ငါ့နှလုံးသား… အို… အခွင့်ရှိခဲ့ရင်ကွာ… ပြန်လာဦးမလား.. တွေးကာစောင့်လို့နေဆဲပါ”
V7 Entertainment က ဖြန့်ချိလိုက်တဲ့ ခုလတ်တလောထွက်ရှိလာတဲ့ “အခွင့်ရှိရင်”သီချင်းထဲမှာလည်း ကေကေမိုးရဲ့ မြင်တွေ့နေကျ ပုံစံအတိုင်း လမ်းခွဲသွားတဲ့ ချစ်သူနဲ့ ပြန်များဆုံခွင့်ရခဲ့ရင်ဆိုတဲ့ ခံစားချက်တွေနဲ့ သီဆိုထားခဲ့တာကို ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။