Homeမြန်မာသတင်း
လွိုင်ကော်မြို့တွင် စည်းကမ်းချက်နှင့်ကိုက်ညီသည့် စားသောက်ဆိုင်များကို ပြန်ဖွင့်ခွင့်ပေးမည်
လွိုင်ကော်မြို့တွင် စည်းကမ်းချက်နှင့်ကိုက်ညီသည့် စားသောက်ဆိုင်များကို ပြန်ဖွင့်ခွင့်ပေးမည်
နော်နိုရင်း
·
May 25, 2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ သတ်မှတ်စည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ စားသောက်ဆိုင်၊ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို ဆိုင်ထိုင်စနစ်နဲ့ ပြန်ဖွင့်ခွင့်ပေးမယ်လို့ လွိုင်ကော်မြို့ စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးသန်းထွန်းက ပြောပါတယ်။
မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေနဲ့ မေ ၂၄ ရက်နေ့ ညနေပိုင်းက စားသောက်ဆိုင်ပိုင်ရှင် ၉၉ ဦးကို မြို့နယ်ခန်းမမှာ ခေါ်ယူတွေ့ဆုံပြီး ဆိုင်ပြန်ဖွင့်နိုင်ရေး သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို ရှင်းလင်းချပြခဲ့ပါတယ်။
လွိုင်ကော် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးသန်းထွန်းက “ကျနော်တို့ ဒီရေရှည်မှာ စားသောက်ဆိုင်တွေ ဒီလိုမျိုးဆိုင်ထိုင်မလုပ်ဘူးဆိုရင်တော့ သူတို့ရဲ့စီးပွားရေးကိုလည်း ကျနော်တို့ ဒီကတာဝန်ရှိတဲ့ပုဂ္ဂိုလ်များ ငဲ့ညှာတဲ့အနေနဲ့ သူတို့လည်း ဆိုင်ထိုင်စနစ်နဲ့ ရောင်းပါစေ၊ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိရေး ကျနော်တို့ဘက်လည်း အကာအကွယ် စနစ်တကျနဲ့ ဆောင်ရွက်ရင် နှစ်ဦးနှစ်ဖက် ပြေလည်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တယ်” လို့ ပြောပါတယ်။
သတ်မှတ်စည်းကမ်းချက်တွေထဲမှာ ဆိုင်တွေမှာ အပူချိန်တိုင်းတာ၊ Mask တပ်တာ၊ လက်ဆေးနေရာတွေ ထားရှိတာ၊ ထိုင်ခုံတခုံနဲ့တခုံ ၆ ပေအကွာထားရှိဖို့၊ ထိုင်ခုံတခုံမှာ လူ ၄ ယောက်သာ ထိုင်ဖို့နဲ့ ခုံမှာ မှန်ချပ်တပ်ဆင်ဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။
မြို့နယ်အတွင်း ပြန်လည်ဖွင့်လှစ်မယ့် စားသောက်ဆိုင်တွေအနေနဲ့ ဆိုင်တွေကို ပြင်ဆင်ပြီးပါက မြို့နယ် ကိုဗစ်-၁၉ ကော်မတီကို အကြောင်းကြားပြီး အဲဒီကော်မတီက စည်းကမ်းချက်နဲ့ကိုက်ညီကြောင်း သဘောတူရင် ဖွင့်ခွင့်ပြုမယ်လို့ ဦးသန်းထွန်းက ပြောပါတယ်။
သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီမှုမရှိဘဲ ဆိုင်ပြန်ဖွင့်ရင်တော့ ပထမတကြိမ် သတိပေးတာ၊ ဒုတိယအကြိမ် ဒဏ်ငွေချမှတ်တာနဲ့ တတိယအကြိမ် လိုက်နာမှုမရှိပါက ကာလအကန့်အသတ်တခုအထိ ဆိုင်ပိတ်သိမ်းမယ်ဆိုတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒီစည်းကမ်းချက်တွေနဲ့ပတ်သက်လို့ ဆိုင်တွင်းနေရာကျယ်ဝန်းတဲ့ စားသောက်ဆိုင်ကြီးတွေအနေနဲ့ တယောက်နဲ့တယောက် ၆ ပေအကွာ ထိုင်ရမယ်ဆိုတဲ့ အချက်တွေအတွက် အခက်အခဲမရှိပေမယ့် နေရာကျဉ်းတဲ့ ဆိုင်ငယ်လေးတွေအတွက် တခုံနဲ့တခုံကြား ၆ ပေ ကွာထားရမယ်ဆို တဲ့အချက်အတွက် အခက်အခဲဖြစ်နေပါတယ်။
ဒါ့ကြောင့် တချို့ဆိုင်တွေကတော့ ပါဆယ်စနစ်ကိုသာ ဆက်လက်ကျင့်သုံးမယ်လို့ ပြောဆိုတာမျိုးတွေ ရှိနေသလို တချို့ဆိုင်တွေကတော့ ဆိုင်ပြန်ဖွင့်နိုင်ရေး အတော်ကို လုပ်ဆောင်ရမယ်လို့ ပြောဆိုတာမျိုးတွေ ရှိနေပါတယ်။
ကိုရိုရာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါကူးပျံ့နှံမှု မရှိစေရေး ကယားပြည်နယ် လွိုင်ကော်မြို့အတွင်းရှိ စားသောက်ဆိုင်တွေကို ဆိုင်ထိုင်မဟုတ်ဘဲ ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ ပြီးခဲ့တဲ့ ဧပြီလဆန်းကတည်းက မြို့နယ်တာဝန်ရှိသူတွေက ညွှန်ကြားထားတာပါ။