Homeမြန်မာသတင်း
ကျန်းမာရေးမှူးအား ပြန်လွှတ်ပေးရန် အေအေကို ကျန်းမာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တောင်းဆို
ကျန်းမာရေးမှူးအား ပြန်လွှတ်ပေးရန် အေအေကို ကျန်းမာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တောင်းဆို
DVB
·
May 24, 2020
ရက္ခိုင့်တပ်မတော် (အေအေ) က ဖမ်းဆီးထားတဲ့ ရသေ့တောင်မြို့နယ် ကျေးလက်ကျန်းမာရေးမှူးကို ပြန်လွှတ်ပေးဖို့ အခြေခံကျန်းမာရေးတက္ကသိုလ်ကျ ကျောင်းသားများသမဂ္ဂက မေလ ၂၄ ရက်မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ကုန်းတန်းကျေးလက်ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးမှူး ဦးစိုးသူဝင်းအပါအဝင် ဆေးခန်းစောင့်လင်မယားကို လက်နက်ကိုင် တဖွဲ့က မေလ ၁၆ ရက်ကတည်းက ဖမ်းဆီးသွားခဲ့တာလို့ ရသေ့တောင်မြို့နယ် ကျန်းမာရေးဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီနောက် ဖမ်းဆီးသွားတဲ့အဖွဲ့က စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ကျန်းမာရေးမှူး ၁ ဦးတည်းကို ဆက်လက် ထိန်းသိမ်းထားပြီး ကျန်တဲ့သူတွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ ပြန်လွတ်လာသူတွေကတော့ သူတို့ကို အေအေအဖွဲ့က ခေါ်ဆောင်သွားတာလို့ ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနအသီးသီးကိုလည်း တင်ပြထားတယ်လို့ မြို့နယ်ကျန်းမာရေးဌာနတာဝန်ရှိသူက ပြောပါတယ်။