ကွမ်းခြံကုန်းတွင် ငါးဖမ်းစက်လှေတိမ်းမှောက်၊ ၃ ဦး ပျောက်ဆုံးနေ
DVB
·
May 23, 2020
ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်မှာ မေ ၂၂ ရက်နေ့က ငါးဖမ်းစက်လှေတိမ်းမှောက်ပြီး အမျိုးသား ၃ ဦး ပျောက်ဆုံးတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်၊ (၂၈) ရပ်ကွက်နေ မျိုးအောင် (၃၇) နှစ် မောင်းနှင်ပြီး ရေလုပ်သား အောင်သူ (၃၅) နှစ်ပါ ၁၅ ဦးတို့ လိုက်ပါလာတဲ့ အမှတ် ×××(YSD) “ချယ်ရီ” ငါးဖမ်းစက်လှေဟာ ပင်လယ်ပြင်ဘက်မှ ရန်ကုန်မြစ်အတွင်း မောင်းနှင်လာစဉ် မေလ ၂၂ ရက်နေ့ မနက်အစောပိုင်းက ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုံကျေးရွာ ရဲ့ အရှေ့တောင်ဘက် ၄ မိုင်ခန့်အကွာ ပင်လယ်ပြင်အရောက်မှာ ရေလှိုင်းရိုက်ခတ်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့တာပါ။
အနီးရှိ ငါးဖမ်း စက်လှေတွေက မျိုးအောင်ပါ ၁၂ ဦးတို့အား ကယ်ဆယ်ရရှိခဲ့ပြီး အောင်သူပါ ကျား ၃ ဦးတို့ ရေနစ် ပျောက်ဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သပြီး စက်လှေမောင်း မျိုးအောင်(ဖမ်းမိ)အား ကွမ်းခြံကုန်း မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၀ (ရေယာဉ်အားအရမ်းဦးစီးသွားလာမှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။